Written by မောင်စံပေါ
Page - 17 , Bi Weekly Eleven 05 October 2012
|
|
(၁)
အမြင်များမှားနေသလားလို့ သေသေချာချာ
ပြန်ကြည့်မိတယ်။ အမြင်လည်း မမှားပါ။ မရောက်တာ ကြာပြီမို့ အပြင်အဆင်တွေများ
ပြောင်းသွားတာလား။ အပြင်အဆင် ပြောင်းတယ်ပြောဦးတော့ အမျိုးအမည်ကတော့
မကွဲသင့်ပါဘူး။ အခုဟာကြီးက လုံးဝခြားနားနေတော့တာ။ နေရာရယ်၊
တိုက်ခန်းနံပါတ်ရယ်ကြောင့်သာ ငါမမှားပါဘူးပြောရဲတာ။
(၂)
''ဘာသုံးဆောင်မလဲရှင်၊ ကြက်ဆီထမင်း၊
ကြက်ကြော်၊ ကြက်ဆာတေး အစုံရပါတယ်''
ဆိုင်ရှေ့မှာ အူကြောင်ကြောင်နဲ့ ငေးနေမိတာက ဧည့်ကြိုမိန်းကလေးရဲ့ အသံကြောင့်
စိတ်နဲ့လူနဲ့ ပြန်တွဲမိသွားတယ်။
''မစားပါဘူး။ သမီးရယ်၊ မရောက်တာကြာလို့ အရင်ဒီနေရာမှာ ဖွင့်တဲ့ဆိုင်ကလေးရောကွယ်။
ဘယ်များပြောင်းသွားပါလိမ့်။ '' သြော် အခွေငှားဆိုင်လား။ ပိတ်သွားပြီဦးရဲ့။
ဆိုင်ခန်းခက ဈေးတက်၊ အငှားကကျနဲ့မို့ ရှုံးတာမခံ နိုင်တော့လို့ပြောတယ်''
(၃)
အခွေငှားဆိုင်သာပြောတာပါ။ အမှန်က
စာအုပ်တွေလည်း ငှားတယ်။ ဆိုင်နာမည်ကလည်း မြို့ပြနဲ့ မလိုက်ဖက်စွာနဲ့
''ထနောင်းရိပ်''တဲ့။ ''ကျွန်တော်က
အညာသားဗျ။ ဒါနဲ့ ဒီနာမည်လေးပေးမိတာ။ ထနောင်းရိပ်လိုပဲ စာပေရဲ့အရိပ်က
အေးတယ် မဟုတ်လားဗျာ။'' ပြောသာပြောတာပါ။ သူ့ခမျာ
မအေးနိုင်ရှာပါဘူး။ ဆိုင်ခန်း ငှားခ၊ ၀န်ထမ်းစရိတ်၊ မီတာခ၊ စာအုပ်ဖိုးနဲ့
တစ်လတစ်လ အလျင်ကမမီ။ ကြာတော့ ခုသာခံသာရှိအောင် စာအုပ်ငှားဆိုင်ကို ဘ၀ပြောင်းပြီး
စာအုပ်ရော၊ အခွေရော ငှားတဲ့ ဘ၀ရောက်ပါရော။
''စာအုပ်တွေက ကျွန်တော့်
ကျေးဇူးရှင်။ ကျွန်တော် ဒီဘ၀ ရောက်လာတာ စာတွေဖတ်လို့။ကျွန်တော်တို့အညာက
မြို့ကလေးမှာ စာအုပ်ငှားဆိုင်ရှိတယ်။ နာမည်က ဧရာဝတီ၊ ဆိုင်ရှင်ဘကြီးက ကျွန်
တော်တို့ ကျောင်းသားတွေဆို အလကားပေးဖတ်တာ။ စာအုပ်တော့
ရိုသေရသပေါ့ဗျာ။'' စာအုပ်ငှားဆိုင်အကြောင်း
ပြောရင်းကနေ အတိတ်ကိုအလည် ပြန်သွားတယ်။ ကြည်နူးရိပ်လေးတွေ မျက်နှာမှာ
ထင်ဟပ်လာတယ်။
(၄)
ထင်ဟပ်လာတဲ့ ကြည်နူးရိပ်လေးတွေလည်း
ကြာကြာမခံရှာပါဘူး။ ပစ္စုပ္ပန်ရောက်တော့ ပျောက်ကုန်တော့တာ။ ''ကျွန်တော်
စာအုပ်ငှားဆိုင်ဖွင့်တာက စာဖတ်စေချင်လို့ပါ။ မ၀ယ်နိုင်တဲ့သူတွေ
ငှားဖတ်နိုင်ကြပါစေ ဆိုပြီးတော့ပေါ့ဗျာ။ တကယ်ဖတ်ချင်တဲ့သူတွေ
ငှားခမတတ်နိုင်တော့လည်း ဒီလိုပဲ ပေးဖတ်လိုက်တာပါပဲ။ အရင်းလေးရရင်
တော်ပါပြီဆိုပေမယ့် ကြာလာတဲ့အခါ မခံနိုင်တော့လို့ အခွေငှားဆိုင်ပါတွဲလိုက်ရတာ။
အခုတော့ အခွေကလည်း သိပ်မငှားရတော့ဘူးဗျာ။ ဒီတစ်ခါ နှစ်ချုပ်စေ့ရင်တော့
ဆက်ဖွင့်ဖို့တောင် ခပ် ခက်ခက်ရယ်။'' ခပ် ခက်ခက်တဲ့လား၊ အခက်ပွားလို
ဆက်မသွားနိုင်တော့ဘဲ ရပ်လိုက်ရပြီလား ဆိုင်ကလေးရယ်။
(၅)
''ပြောရရင် ကျွန်တော်က ဈေးတွေ
ဘာတွေ သွားတာ ၀ယ်တာခြမ်းတာ
သိပ်ဝါသနာမပါဘူးဗျ''
မိတ်ဆွေတစ်ယောက်ကပြော ပြတယ်။ ''အဲဒီနေ့ကဗျာ။ ကျွန်တော်
စတိုးဆိုင်ထောင့်က စာအုပ်စင်မှာ ဟိုလှန် ဒီလှန်လုပ်နေတုန်းမှာ အဲဒီ
ချာတိတ်ကိုတွေ့တာ။ သူ့ပုံစံကလည်း ခပ်နွမ်းနွမ်း၊ အသက်က
ဆယ်နှစ်လောက်ရှိဦးမှာ။ စာအုပ်တစ်အုပ်ကို ကိုင်လိုက်၊ လှန်လိုက် ပြန်ချလိုက်နဲ့
ကြာတော့ ဘာများလဲလို့ စပ်စုချင်လာတာနဲ့ ကြည့်လိုက်တော့ အင်္ဂလိပ် - မြန်မာအဘိဓာန်
စာအုပ်အသေးလေး။ မေးကြည့်လိုက်တော့ သူအလုပ်လုပ်တဲ့ လက်ဘက်ရည်ဆိုင်မှာ
ဘွဲ့ရပြီးတဲ့ အကိုကြီးတစ်ယောက်ရှိတယ်။ သူက အင်္ဂလိပ်စာ သင်ပေးမယ်ပြောလို့တဲ့။ မေးတာလည်းဖြေပြီးရော
အဲဒီချာတိတ် စာအုပ်လေးချပြီး ထွက်သွားရော'' ''အဲဒါများဗျာ''
''အဲဒါ မများနဲ့ ဆုံးအောင်နားထောင်လေ။ ကျွန်တော်လည်း
အရောင်းစာရေးမလေးတစ်ယောက်ခေါ်ပြီး စာအုပ်ဖိုးပေးပြီး အဲဒီစာအုပ်လေးကို စောစောက
ချာတိတ်ကို ပေးဖို့ ပြောပြီးထွက်ခဲ့တယ်။ အရောင်းစာရေးမလေးကတောင်
ပြောလိုက်သေးတယ်။ အဲဒီကောင်လေး ဒီစာအုပ် သိပ်လိုချင်ရှာတာ။
ပိုက်ဆံမတတ်နိုင်လို့၊ မ၀ယ်ဘဲပြန်သွားတာ နှစ်ရက်ရှိပြီတဲ့''
''စာအုပ်ဖိုးက'' ''စာအုပ်ဖိုးက နှစ်ထောင့်ငါး ရာပါ။ ဒါပေမယ့်
ကျုပ်ဗျာ အခုပြော အခုပီတိဖြစ်တယ်'' ယုံပါတယ်။
လူကြီးအလိုကျ ဇာတိရွာ မူလတန်းကျောင်း ပြုပြင်ဆောက်လုပ်ရေးအတွက်
သိန်းပေါင်းများစွာ လှူဖူးတဲ့သူ။ အဲဒီအလှူအတွက် ဆိတ်ဆိတ်နေခဲ့သူ။
ဖားပြီးလှူခဲ့တာဗျာ။ ကုသိုလ်ရချင်မှရမှာပါ ဆိုခဲ့သူ။ ဒီစာအုပ်အလှူလေး ပြောတော့
သူ့မျက်လုံးမှာ ပီတိနဲ့ အရည်လဲ့နေတယ်။
(၆)
နှစ်ထောင့်ငါးရာဆိုတာ ကျွန်မအတွက် ငါးရက်စာဟင်းဖိုး။
ရှင်းပြမယ်လေ။ ကျွန်မတို့ ကုမ္ပဏီက နေ့လယ်စာ ထမင်းကျွေးတယ်။ ဟင်းကတော့
သင့်ရာတစ်မျိုးမျိုးပေါ့။ မနက်စာကိုက ကော်ဖီမစ်လေးဖျော်၊ မုန့် လေး
တစ်ခုနှစ်ခုဝါးပြီး အလုပ်ဆင်းတယ်။ ညနေရုံးဆင်းတော့ ဟင်းတစ်ပွဲ ငါးရာနဲ့
ဝယ်ပြန်တယ်။ ၀ယ်တာလား။ ရုံးကို နေ့လယ်စာ ကန်ထရိုက်ယူထားတဲ့ ဒေါ်ဒေါ်လှဆီကပဲပေါ့။
သူက ရုံးဟင်းအပြင် တခြားဟင်း တွေလည်း တနိုင်ချက်ချက်ပြီး ယူလာတယ်။ ရုံးမှာ
ရောင်းတယ်။ ဘာယူယူ တစ်ပွဲငါးရာ။ အဲဒါဝယ် ပြန်ပြီး အဆောင်မှာ ထမင်းချက်စားတယ်။
အဲဒီနေ့က ရုံးမသွားခင် အချိန်ရတာနဲ့ လှည်းတန်းမှာ စာအုပ်ဆိုင် ၀င်ကြည့်တယ်။
အဲဒီကောင်မလေး တွေက ကျွန်မကို သိ မသိ မသေချာပေမယ့် ကျွန်မကတော့ သူတို့ကို
မှတ်မိနေတယ်။ စာအုပ်ဆိုင်နဲ့ မဝေးလှတဲ့ စတိုးဆိုင်က အရောင်းအကူ မိန်းကလေးတွေ။
သူတို့နှစ်ယောက် စာအုပ်တစ်အုပ်ဖတ်ပြီး သဘောတွေကျနေကြတာ။ တော်တော်ကြာတော့
တစ်ယောက်ကပြောတယ်။ နှစ်ထောင့်ငါးရာတောင်ဟယ်။ မ၀ယ်နိုင်ပါဘူး တဲ့။
အဲဒီစာအုပ်စင်ကနေ တခြားစာအုပ်စင်ကို ကူးသွားပြီး ဆက်ကြည့်နေကြပြန်ရော။ သူတို့
ကြည့်တဲ့စာအုပ်ကို ယူကြည့်လိုက်တော့ အံ့သြသွားတယ်။ တကယ့်စာအုပ်ကောင်း။ ကျွန်မ
ကိုယ်ပိုင်ဝယ်ထားတာတောင် ရှိတယ်။ ဒီလို စာကောင်း ပေမွန်တွေသိတဲ့ မိန်းကလေးတွေ
ရှိပါသေးလားဆိုပြီး ကြည်နူးမိတယ်။ ဒါပေမယ့် မ၀ယ်နိုင်တဲ့ သူတို့အဖြစ်ကို
စဉ်းစားမိတော့ စိတ်မကောင်းဘူး။
အဲဒီစာအုပ်လေးကို
ကောက်ယူခဲ့တယ်။ ကောင်တာမှာ ပိုက်ဆံချေပြီး စာအုပ်ကို ထားခဲ့တယ်။ ကောင်တာက
မိန်းကလေးက မေးတဲ့အကြည့်နဲ့ ကြည့်တယ်။ ကျွန်မလည်းဖြေပြီး ဆိုင်ထဲကနေထွက်ခဲ့တယ်။
''ဒီစာအုပ်ကလေးကို ဟိုက
ညီမလေးတွေကို ပေးပေးပါ''
(၇)
ကုမ္ပဏီတစ်ခုက စာရင်းကိုင်ဝန်ထမ်း
မိန်းကလေးရဲ့စာအုပ်အလှူလေး နားထောင်ရတာလဲ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရတယ်။ စာအုပ်စာပေ
လူ့မိတ်ဆွေပဲ။စာအုပ်တွေဟာ အဖော်မွန်တွေပါပဲ။ အတန်းပညာမတတ်ပေမယ့် စာဖတ်ပြီး
အောင်မြင်ခဲ့ကြသူတွေ ရှိပါတယ်။ အမေရိကန်သမ္မတ အေဗရာဟမ်လင်ကွန်းဟာ အထင်ရှားဆုံး
ဥပမာတစ်ခုပါ။ဟိုးပဝေသဏီကဟာတွေ လာပြောမနေနဲ့လို့ မဆိုပါနဲ့။ ဒီဘက်
ခေတ်တွေမှာလည်းရှိပါတယ်။ ''ရှစ် တန်းတောင် မအောင်တဲ့ကောင်ကများ ''တို့၊ ''ဆယ်တန်းပဲအရင်
အောင်အောင် ပြန်ဖြေစမ်းပါဦးကွာ'' တို့ ဆိုတာမျိုးတွေ ကြားရဖူးပါတယ်။ ပြောတဲ့သူက
ဘာရည်ရွယ်ချက်နဲ့ ပြောသလဲမသိပေမယ့် အပြောခံရတဲ့လူကို ကြည့်လိုက်တော့
နယ်ပယ်တစ်ခုခုမှာ လောက်လောက်လားလား နေရာတစ်ခုရနေသူ။ နည်းနည်းပို အတွင်းကျကျ
လိုက်ကြည့်တော့ စာဖတ်တဲ့သူ။
(၈)
စာဖတ်ဖို့အတွက် စာတတ်ဖို့ လိုပါတယ်။
အဆင့်မြင့်စာတွေဖတ်ဖို့အတွက် အဆင့်မြင့်ပညာတွေ လိုပါတယ်။
စာပဲဖတ်ကြ၊ကျောင်းမတက်ကြနဲ့လို့ ပြောတာမဟုတ်ပါဘူး။ ဉာဏ်ပညာ
နုံနည်းလို့ပဲဖြစ်ဖြစ်၊ ပါရမီ မပါခဲ့လို့ပဲဖြစ်ဖြစ်၊ အကြောင်းကြောင်းကြောင့်
ဖြစ်ဖြစ်အတန်းပညာဆုံးခန်းမတိုင်ပေမယ့် အားငယ်စရာ မရှိပါဘူး။ ဘွဲ့တွေတသီကြီး
ရထားလို့လည်း ပါးစပ်အဟောင်းသားနဲ့ ငေးမောပြီး အထင်ကြီးနေစရာမလိုပါဘူး။
အောင်လက်မှတ် တပြပြနဲ့ပေမယ့် သုံးမရ၊ ခိုင်းမရတာတွေလည်း တွေ့ရတတ်ပါတယ်။
(၉)
''ငါ့ကလေးတွေ စာဖတ်တတ်အောင်
မနည်းကျင့်ပေးခဲ့ရတာ မောင်'' ငယ်သူငယ်ချင်းတစ်ယောက်က ပြောပြတယ်။ ကျောင်းတက်ပြီး
ဆယ်တန်းကို ထူးထူးချွန်ချွန် အောင်ခဲ့တဲ့သူငယ်ချင်း၊ ဘာကျူရှင်မှ မတက်ခဲ့ဖူးသူ၊
ကိုယ့်ဒူးကိုယ်ချွန်နဲ့ ကိုယ့်လှေကိုယ်ပဲ့ကိုင်ပြီး ဆရာဝန်ကြီးဖြစ်ခဲ့သူ။
''ကျောင်းရယ်၊ ကျူရှင်ရယ်၊ ဂိမ်းဆိုင်ရယ်၊ တီဗီရယ်၊ အင်တာနက်ရယ်နဲ့
အချိန်တွေကုန်နေတာကွာ။ အပြင်စာဖတ်ကြပါဟဲ့ဆိုတော့ မဖတ်ချင်ဘူး။ ဒါနဲ့
အတင်းဖတ်ခိုင်း၊ ပြန်ပြောခိုင်း၊ မုန့်ဖိုးပေး၊ ဆုချနဲ့ လုပ်ရတာ မောင်။
စာအုပ်တွေတော့ ရွေးပေးရသပေါ့ကွာ။ ပြောရရင် အင်တာနက်ဆိုတာ ဖတ်မကုန်တဲ့
စာအုပ်ကြီးပါကွာ။ အခုတော့ စာကောင်းပေမွန်မဖတ်ဘဲ အဆိပ်ရှိတဲ့ စာတွေဖတ်ကြတယ်။
အင်တာနက်ဆိုလည်း ချက်(chat)တာနဲ့ပဲ ပြီးပါရော။ ငါတို့မြို့လေးမှာ တောင်
အင်တာနက်ဆိုင်တွေ၊ ဂိမ်းဆိုင်တွေ ရှိနေပြီဆိုပဲ။ ငါလည်း ပြန်မရောက်ပါဘူးကွာ။
(၁၀)
သူငယ်ချင်းဆရာဝန်ကြီးဟာ
မရောက်ပေမယ့် ကိုယ်ကတော့ ပြန်ရောက်သွားဖြစ်တယ်။ ဂိမ်းဆိုင်တွေကလည်း
တခြိမ်းခြိမ်းနဲ့၊ အင်တာနက်ဆိုင်တွေကလည်း တစ်ချက်ချက်နဲ့။ တိုးတက်လာတာတွေ။
ပျောက်ဆုံးသွားတာတွေကတော့ စာအုပ်ငှားဆိုင်တွေ။ အရင် လက်နှစ်ဖက်ပေါင်းကျော်ခဲ့တဲ့
အရေအတွက် စာအုပ်အငှားဆိုင်တွေ။ အရင် လက်နှစ်ဖက်ကျော်ခဲ့တဲ့ အရေအတွက်ကနေ
လက်တစ်ဖက်တောင် မရှိတော့။ နှစ်ဆိုင်ပဲ မြင်ခဲ့ရတယ်။ ကြည့်တော့လည်း
မဂ္ဂဇင်းတွေနဲ့၊ သရဲသစ္ဆေနဲ့၊ ဂမ္ဘီရနဲ့။ အငှားဆိုင်လိုပဲ ပျောက်သွားတာက
အရောင်းဆိုင်တွေ။ ငှားတဲ့သူက ငှားမကောင်းလို့ မလုပ်ကြတော့သလို ရောင်းတဲ့သူကလည်း
ရောင်းမကောင်းတော့ စာအုပ်ဆိုင်ဖြုတ်ပြီး စတိုးဆိုင်လုပ်တယ်။ ဘယ်တတ်နိုင်မှာလဲ။
ဘယ်လိုပြောရမလဲပေါ့နော်။ ဒီကိစ္စက ဟိုလိုလေ။ သိတယ်မဟုတ်လား။ သဘောပေါက်မှာပါ
စသဖြင့် ဒီနေ့ခေတ်မှာ အမြင်များတဲ့ အင်တာဗျူးစကားတွေပဲ ကိုးကားရမလိုလို။
(၁၁)
ဒေသပေါင်းများစွာမှာ၊
ကုန်တိုက်ကြီးတွေ အထင်ကရနေရာတွေမှာ နေရာအကျယ်ကြီး ငှားရမ်းပြီး
စာအုပ်ဆိုင်ကြီးတွေ အများကြီးဖွင့်လှစ်တဲ့ သူဌေးကြီးကို အင်တာဗျူးကြပါသတဲ့။
ဒီလောက်နေရာတွေ အများကြီး၊ အကျယ်ကြီးမှာဘာဖြစ်လို့ စာအုပ်ဆိုင်ဖွင့်တာလဲ။
တခြားပစ္စည်းတွေရောင်းရင် ပိုပြီး အကျိုးအမြတ်ရှိမယ် မဟုတ်လားတဲ့။ သူဌေးကြီးက
ပြန်ဖြေပါတယ်။ စာအုပ်တွေနဲ့ လူဖြစ်လာတာမို့ပါပဲတဲ့။ နောက်ပြီးတော့
နောက်မျိုးဆက်တွေ အတွက်လည်း ကောင်းတဲ့ အမွေလက်ဆင့် ကမ်းပေးချင်လို့ပါတဲ့။
အဲသလိုမျိုး စာအုပ်ဆိုင်ကြီးတွေ မြန်မာပြည်တစ်နံတစ်လျားမှာ ဘယ်သွားသွား
တွေ့မြင်ချင်ပါတယ်။ အသစ်တွေ မပေါ်ပေါက်လာသေးရင်တောင်မှ လက်ရှိအဟောင်းတွေတော့
မပျောက်စေချင်ပါဘူး။ အငှားဆိုင်ပဲ ဖြစ်ဖြစ်၊ အရောင်းဆိုင်ပဲဖြစ်ဖြစ်၊ စာအုပ်ဆိုင်လို့ပဲ
နာမပဉာတ်အမည်တပ်ပါရစေ။ စာအုပ်ဆိုင်တွေ ကျန်းမာရေး ကောင်းစေချင်ပါတယ်။
စာအုပ်ဆိုင်တွေ ကျန်းမာရေး ကောင်းကြပါစေ။
။
|
MAUNG SAN PAW
Thursday, 18 October 2012
စာအုပ်ဆိုင်တွေ ကျန်းမာရေးကောင်းကြပါစေ
Friday, 8 June 2012
ပန်းတိမ်မသင်ခင် ရွှေခိုးတတ်နေကြသူများ
Bottom of Form
|
|
|
|
(၁)
အသက်ကြီးလာတော့ ဘုဂလန့်တွေ
တွေးလာတယ်ပြောရဲ့။ ဂွကျကျ စကားတွေပဲ ထွက်ထွက်လာတယ်ဆိုရဲ့။ ရွတ်တွတ်တွတ်တွေပဲ
ရေးရေးနေတယ် ဝေဖန်ရဲ့။
အဲဒါတွေအားလုံးက အမှန်တွေချည်းပါပဲ။ အဲဒီရလဒ်တွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းတရားတွေကလည်း နောက်ကွယ်မှာရှိတာ အသေအချာ။ တစ်သက်လုံး အောင့်အည်း သည်းခံနေလာရတာကြာတော့ သေခါနီးမှာ ပြောချင်တာလေး ပြော၊ လုပ်ချင်တာလေး လုပ်၊ ရေးချင်တာလေး ရေးမိသပေါ့ဗျာ။
(၂)
ရေးချင်စိတ်ပေါ်လာပေမယ့်
ဘာရေးရမှန်းမသိတာက အင်မတန် ကြီးမားတဲ့ ပြဿနာ။ ကံအားလျော်စွာပဲ ကယ်တင်ရှင်က
ပေါ်လာတယ်။ ကလင်ကလင် ဖုန်းသံ။ အချိန်မတော်လာတဲ့ဖုန်းဆိုတော့ တစ်ခုခုပဲ
အောက်မေ့ပြီး ကိုင်လိုက်တဲ့ခဏမှာ နယ်ကညီမရဲ့အသံကို ကြားရတယ်။
''ကိုငယ်ရေ ကြီးကြီးဒေါ်ရွှေကြိုင် ဆုံးသွားပြီ။ ခုနက ဖုန်းလာလို့ သန်ဘက်ခါ သင်္ဂြိုလ်မယ်တဲ့။
(၃)
ဒေါ်ရွှေကြိုင်၊ ဒေါ်ရွှေလှိုင်၊
ဒေါ်ရွှေမြိုင်ဆိုတာ အဖေ့ရဲ့အစ်မတွေ။ အားလုံးက ရွှေကုန်သည်တွေ။ ဈေးထဲမှာ
ရွှေဆိုင်ဖွင့်သဗျာ။ ရွှေရောင်းတယ်။ အပ်ထည်လက်ခံတယ်။ ရွှေ၊ ငွေ ရတနာ အပေါင်ခံတယ်။
ငွေတိုးပေးတယ်။ ဒါသူတို့ရဲ့ အဓိကစီးပွားရေး။ ငယ်ငယ်တုန်းကတည်းက စကား ခပ်များများကောင်ဆိုတော့
ကြီးတော်များက ချစ်ကြသဗျာ။ အခုလို စကားများခြင်းမျိုးမဟုတ်ဘဲ
ချစ်ခင်နှစ်သက်ဖွယ်ရာ ပီယ၀ါစာလေးတွေလည်း ဆိုတတ်တာကိုး။ ဒါတောင်မှ
တစ်ခါတစ်ခါမှာ ဂွတီးဂွကျတွေ တွေး၊ မေး၊ ပြောတတ်တာက ရှိသေးရဲ့။
(၄)
အဲဒီဂွတီးဂွကျတွေထဲက
မှတ်မှတ်ရရတစ်ခု ရှိပါတယ်။ ကိုယ့်ဘက်ကလည်း မှတ်မှတ်ရရ၊ ကြီးတော်များဘက်ကလည်း
မှတ်မှတ်ရရပေါ့ဗျာ။
အဲဒီနေ့က ကျောင်းပိတ်တော့ ဈေးထဲသွားတယ်။ ကြီးတော်တွေရဲ့ ရွှေဆိုင်မှာထိုင်တယ်။ မုန့်စားတယ်။ သူတို့စာရင်းတွေကူပြီးပေါင်းပေးတယ်။ စစ်ပေးတယ်။ အဲဒီအတွက်မုန့်ဖိုးပေး ရတယ်။ လျှပ်စစ်ဂဏန်းပေါင်းစက်တွေ မပေါ်သေးတဲ့ခေတ်ဗျာ။ အစိုးရရုံးတွေမှာတောင်မှ ဂဏန်းပေါင်းစက်ကြီးကို နှိပ်လိုက် လက်ယာရစ် လှည့်လိုက်၊ လက်ဝဲရစ် လှည့်လိုက်နဲ့ လုပ်ရတာ။ အဲဒီတော့ကာ တူတော်မောင် လူရည်ချွန်လေးလာတဲ့ခဏမှာ ကောင်းကောင်း အသုံးချပါရော။ စစ်စမ်းဟဲ့ အကြွေးစရင်း၊ ပေါင်းစမ်းဟဲ့ အရောင်းစာရင်း၊ နှုတ်စမ်းဟဲ့ အ၀ယ်စာရင်းပေါ့ဗျာ။ ပြေစာတွေနဲ့ လယ်ဂျာစာအုပ်နဲ့ တိုက်ဆိုင်စစ်ဆေးရတာလည်း ပါသေးသဗျ။
(၅)
အဲဒီနေ့ကဗျာ ဖြစ်ချင်တော့ ခါတိုင်းလို ခိုင်းတာလုပ်၊ ကျွေးတာစား၊ ပေးတဲ့မုန့်ဖိုး ယူဆိုပြီးပြီ။ ကိုယ်ကိုယ်၌ကိုယ်က ရှည်တာပါဗျာ။ ပြေစာတွေ ကြည့်ပြီး အမေးအမြန်းထူမိတယ်။ ''ကြီးကြီးပြေစာမှာပါတဲ့ အလျော့တွက်တွေက များလှချည်လားဗျ''
''လူကလေးရဲ့ လက်ဝတ်လက်စား
လုပ်တယ်ဆိုတာ အင်မတန်မှ အနုစိတ်ပြီး လက်ဝင်တာကွဲ့။ ထုရင်း နှက်ရင်း ဆစ်ရင်း
ပိုင်းရင်း ဖြတ်ရင်း တောက်ရင်း ပုံဖော်ရင်းနဲ့ ရွှေမှုန်လေးတွေ လေလွင့်တတ်သကွဲ့။
အဲဒါအတွက်ပါ တွက်ထားရတာပေါ့'
''အဲဒီရွှေမှုန်တွေလွင့်တာ
ပန်းတိမ်ဖိုထဲမှာပဲ မဟုတ်ဘူးလား။ ကြီးကြီးတို့ပြောတော့ ပန်းတိမ်ဖိုနေရာဟောင်းကို
မှိုက်ထုတ်ရင်တောင်မှ ရတဲ့ရွှေက အများကြီးဆို''
''အဲဒါ ပန်းတိမ်ဆရာရဲ့ အိမ်လကွယ်။ ကိုယ်ကဘာရမှာလဲ။ နောက်ပြီး အလျော့တွက်ဆိုတာက ပန်းတိမ်ဆရာအတွက် ဆောင်းရတာကွဲ့။ ရွှေတစ်တုံး တစ်ကျပ်သားပေးပြီး တစ်ကျပ်သား ဆွဲကြိုးလုပ်လို့ မရဘူး။ အလျော့တွက်ယူတာ သိပ်များရင် အဲဒီ ပန်းတိမ်ဆရာကို မအပ်ကြတော့ဘူး။ သင့်တင့်တဲ့ ပမာဏတစ်ခုပဲ လက်ခံကြတာ'' ''ဒါနဲ့ ပန်းတိမ်မတတ်ခင် ရွှေခိုးသင်ဆိုတာကရော ကြီးကြီး''
''တယ် ဒီကောင်လေးတော မေးတောင်မေးနဲ့၊
ပန်းတိမ်ကောင်းကောင်း တတ်သွားရင် ရွှေခိုးသင်စရာ မလိုဘူး။ အလျော့တွက်
သက်သက်သာသာနဲ့ လက်ရာကောင်းကောင်း ထွက်သဟဲ့။ တော် တော်''
ဒါနဲ့ အဲဒီနေ့က မုန့်လည်းငတ်ခဲ့သဗျာ။ မုန့်ဖိုးတော့ ဝေးပေါ့။
(၆)
တစ်ရက်မှာ တက္ကသိုလ်တစ်ခု မှာ ပါမောက္ခချုပ်ဖြစ်နေတဲ့ သူငယ် ချင်းနဲ့တွေ့တယ်။ အသက်မွေးဝမ်း ကျောင်းပညာရပ်တစ်ခုကို အတူ သင်၊ အတူဘွဲ့ရခဲ့တဲ့သူငယ်ချင်း။ သူ့မူလ ရည်ရွယ်ရာ ဘ၀လမ်းကြောင်းကို မတိမ်းမစောင်း လျောက်ရင်း နိုင်ငံခြား ပညာတော်သင် အရွေးခံ ရ၊ မ ဟာဘွဲ့ရ၊ မဟာဘွဲ့ရတဲ့ တိုင်းပြည်က တက္ကသိုလ်ကြီးမှာပဲ ပါရဂူဘွဲ့ရခဲ့သူ။ ပညာထူးချွန်ပြီး စိတ်သဘောထား မှန်ကန်ဖြောင့်မတ်သူ။ သူငယ်ချင်းတွေ တွေ့ကြတော့ မြကျွန်းသာအရိပ်လေးတွေ ပြန်ဆွဲ၊ တက္ကသီလာတေးတွေ ပြန်ဆိုနဲ့ ငယ်ဘ၀ကို ခဏအလည်သွားကြတယ်။ အတိတ်က အရိပ်အရောင်တွေ လွင့်တဲ့ခဏမှာ ပစ္စုပ္ပန်ကို ပြန်ရောက်ပါရော။ ''ပါချုပ်ကြီး သူငယ်ချင်းရဲ့ တက္ကသိုလ်နဲ့ အခြေအနေ ကြုံတုန်းလေး ဗျူးပါရစေ'' ''ကိုယ်တို့လုပ်နေရတဲ့ အခြေအနေ၊ အခက်အခဲတွေကတော့ အများကြီးပေါ့ သူငယ်ချင်းရာ။ အဲဒါတွေထားပြီး သူငယ်ချင်းစိတ်ဝင်စားမယ့် ကျောင်းသားတွေအကြာင်းပဲ ပြောပါ့မယ်။ အခု ကျောင်းသားတွေ တွေ့တွေ့နေရတာ ကိုယ်တို့တုန်းကနဲ့ ကွာသွားတာအမှန်ပဲ။ အားလုံး မဟုတ်ပေ မယ့် မနည်းတာတော့အမှန်''
''ဆိုပါဦး''
''ကိုယ်တို့တုန်းက ကျောင်းပြီးလို့ အလုပ်ဝင်ရင် တာဝန်ကျတဲ့နေရာသွားမယ်။ ကိုယ့်အလုပ်ကို ကိုယ်တာဝန်ကျေအောင် လုပ်မယ်''
''အခုရော''
''အခုတွေ့နေရတာကတော့ကွာ နောက်ဆုံးနှစ်မပြောနဲ့ ကျောင်းရောက်ခါစ သစ်လွင်တွေကလည်း ဘယ်နေရာက ကောင်းတယ်။ ဘယ်မြို့ဆို အဆင်ပြေတယ်။ ဘယ်ဂိတ်မှာကျရင် အိုကေ။ ဘယ်လူကြီးက ကျပ်တယ်။ ဘယ်ပုဂ္ဂိုလ်ကြီးမှာ သမီးအပျို ဘယ်နှစ်ယောက်ရှိတယ်။ ယောက္ခမတော်ဖို့ ကြိုးစားရမယ် ဘာညာနဲ့ကွာ'' ''အဲဒီတော့ သူငယ်ချင်းပြောချင် တာက'' ''ကိုယ်ကျိုးစီးပွားကို လွန်လွန်ကျူးကျူး ရှေ့တန်းတင်လာကြသလားလို့ပါကွာ။ အလုပ်မလုပ်ရသေးဘူး။ ရရာရကြောင်းတွေ၊ ခွင်တွေမြင်နေတတ်ကြပြီ။ နောက်ပြီး စာဖတ်တဲ့ကိစ္စကွာ'' ''ကျောင်းစာလား'' ''ကျောင်းစာပြောမလားကွာ။ အပြင်စာပေါ့။ ကိုယ်တို့တက္ကသိုလ်ကြီးတစ်ခုလုံးမှ စာကြည့်တိုက်အတွက် ရတဲ့ရန်ပုံငွေက ဂဏန်းသေးသေးလေး ငါးလုံးရယ်၊ ဘာဝယ်နိုင်မှာလဲ။ ကိုယ်တို့ခေတ်တုန်းကလည်း ထူးမခြားနားရှိခဲ့မှာပါ။ ဒါပေမဲ့ သူငယ်ချင်းတို့ ဦးဆောင်ပြီး အဆောင်စာကြည့် တိုက်ဖွင့်တယ်။ ပိုက်ဆံစုထည့် ကြတယ်။ ငှားခယူတယ်။ အပြင်ထက် အများကြီးသက်သာတဲ့ ငှားခနဲ့အပြင် စာအုပ်တွေထဲက ကောင်းနိုးရာရာလေးတွေ ဖတ်နိုင်ခဲ့တယ်'' ''သူငယ်ချင်းတပည့်တွေကို ပြောမပြဘူးလား'' ''အောင်မယ်လေးကွာ။ ပြောပေါင်းများလို့ ရိုးနေပါပြီတောင် ဖြစ်ပေါ့။ သူတို့က ကျောင်းစာတောင် မနည်း ဖတ်နေရတာတဲ့။ ဒါပေမဲ့ အားတဲ့အချိန်ကျတော့ ဂိမ်းဆော့ကြသဗျာ။ ဘောလုံးပွဲကြည့်သဗျာ၊ ဘောလုံးပွဲ လောင်းသဗျာ။ ဒီလိုနဲ့ ဘွဲ့မရဘဲ ကျောင်းထွက်သွားရတဲ့သူတွေ ရှိတယ်။
သူငယ်ချင်း ပါချုပ်ခမျာ သစ်ခေါင်းထဲ
သွားသွားအော်နေရတာ။ အခုမှ လူအစစ်ကို အရှင်လတ်လတ်ပြောရတော့တယ်ဆိုပြီး ပြောသဗျ။
ကိုယ့်မလည်း နားထောင်ရတာကများ၊ ကြားရတာက မသက်သာနဲ့ပေါ့ဗျ။
(၇)
''သူငယ်ချင်းလည်း ကြားရတာ သက်သာမှမဟုတ်ဘူး။ ကိုယ်လည်း ပြောရမှာစိတ်ထဲမှာ မကောင်းဘူး။ တစ်မျိုးကြီးကွာ။ ဆိုးပါတယ်'' မသက်မသာနဲ့ ပြောလာတာ သူငယ်ချင်းသူဌေးကြီးတစ်ဦး။ သူဘယ်လောက်ချမ်းသာမှန်း သူ့ကိုယ်ကိုသူတောင်မှ မသိရလောက်အောင် ချမ်းသာသူ။ သူ့ရဲ့များပြားလှစွာသော စီးပွားရေးလုပ်ငန်းကြီးတွေထဲက တစ်ခုဖြစ်တဲ့ လျှပ်စစ်ပစ္စည်းတွေ တင်သွင်းဖြန့်ဖြူးတဲ့လုပ်ငန်းအကြောင်း ပြောပြနေတာ။
''အဲဒီချာတိတ်ကွာ၊
ကိုယ့်သမီးထက်တောင် ငယ်ပါဦးမယ်။ အသက်မှ နှစ်ဆယ်စွန်းရုံ ရှိသေးတယ်။
အလုပ်ဝင်တာမှနှစ်လ။ အလွဲသုံးစားလုပ်သွားတာ သိန်းနှစ်ရာ''
''ဟာများလှချေလား။ သူငယ်ချင်းတို့က
ဘာမှစစ်တာဆေးတာ ထပ်ဆင့်စစ်ဆေးတာမလုပ်ဘူးလား''
''လုပ်တာပေါ့ကွာ။ ကိုယ်စားလှယ်တွေဆီ နေ့စဉ် ငွေသိမ်းသွားရင် မှတ်ပုံတင်စာအုပ်ပါတယ်။ ကိုယ်စားလက်မှတ်၊ ငွေသိမ်းသူလက်မှတ်ထိုးပြီး ငွေလက်ခံတယ်။ အဲဒီနေ့စဉ်ငွေ အ၀င်တွေကို ရုံးမှာစာရင်းနဲ့ အပ်ရတယ်။ အဲဒါကို စာရင်းဖျောက်တယ်။ စာရင်းလိမ်တယ်။ ကုမ္ပဏီစစ်ဆေး ရေး ပုံမှန်ဝင်စစ်ရာကနေ ပေါ်တယ်။ ပေါ်တော့ အရေးယူဖို့ ဖြစ်လာတာပေါ့ကွာ''
''အဲဒီတော့''
''အရေးမယူချင်ဘူး။ တစ်ပတ်အတွင်း ငွေပြန်အပ်ပါ။ ဒါမှမဟုတ်ရင် တရားစွဲမယ်ပေါ့။ အဲဒီတော့ ငွေလည်း ပြန်မအပ်နိုင်ဘူး။ စပြီးအလုပ်ဝင်ကတည်းက ဒီလခလေးမက်လို့ လာလုပ်တာမဟုတ်ဘူး။ တရားစွဲချင်ရင် တရားစွဲ၊ ဖမ်းချုပ်ချင်ရင်လည်း ဖမ်းချုပ် ကြိုက်တာလုပ်ပါတဲ့''
(၈)
''တရားစွဲ ဖမ်းချုပ်သာပြောတာ ခုခေတ်မယ် ထောင်တို့ တန်းတို့ဆိုတာ ကြောက်ရမှန်းကော သိသေးရဲ့လား မပြောတတ်ပါဘူးဗျာ။ သက္ကရာဇ် ၂၀၀၀ စွန်းစွန်းကပေါ့၊ ကျွန်တော်တို့ကုမ္ပဏီဆိုင်က မိန်းကလေးတစ်ယောက် သိန်းနှစ်ရာ့ငါးဆယ် အလွဲသုံးစား လုပ်သွားတာဗျာ။ ဘာပိုက် ဆံ တစ်ပြားတစ်ချပ်မှ ပြန်မရဘူး။
ကျုပ်တို့မှာ တရားရုံးးစရိတ်၊
ရှေ့နေစရိတ်၊ ခရီးစရိတ်၊ သက်သေစရိတ် စရိတ်ပေါင်းများစွာထပ်ပြီး အဆစ်ပါသွားတယ်။
မရွှေစာကတော့ အေးအေးဆေးဆေးပဲ၊ ရှေ့နေတောင် မငှားဘူး။ အမှုပြီးတော့ ထောင်ကျသွားတယ်။
ချုပ်ရက်နဲ့ ဘာနဲ့ညာနဲ့ဗျာ။ ခဏနဲ့ လွတ်လာတာပါပဲ။''တခြားသော ထုတ်လုပ်ဖြန့်ဖြူးသူ
လုပ်ငန်းရှင်မိတ်ဆွေတစ်ယောက်ရဲ့ ရင်ဖွင့်သံ။
(၉)
စစ်တုရင်ကစားတာ ဉာဏ်ရည်ကို ထက်မြက်စေတယ်။ စာပေသင်ကြားမှုမှာ အထောက်အကူဖြစ်စေတယ်။ ကောင်းကျိုးတွေ အများကြီး ပေးတယ်။ ကျောင်းသားလူငယ်လေးတွေကြားမှာ စစ်တုရင်ကစားနည်း တိုးတက်ပွားများထွန်းကားအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကြိုးစားလုပ်ဆောင်နေကြပါတယ်။ လူငယ် စစ်တုရင်ပြိုင်ပွဲတစ်ခုမှာပါ။ သက်ငယ်တန်းထဲမှာ ကြုံရတဲ့ အဖြစ်အပျက်လေးတစ်ခုကို မိတ်ဆွေတစ်ယောက်က ပြောပြတယ်။
''ချာတိတ်တွေဗျာ။ မူလတန်း
အဆင့်လောက် ရှိဦးမှာပါ။ နိုင်ရင်ဆုရမယ့် ချာတိတ်က တစ်ဖက်ကချာတိတ်ကို
ညှိခိုင်းတယ်ဗျာ။ သားလက်ဖက်ရည်တိုက်ပါ့မယ်။ မုန့်ကျွေးပါ့မယ်။
အဲဒီကောင်ကိုသားကို အရှုံးပေးဖို့ ပြောပေးပါဘာညာနဲ့ဗျာ''
''ဒါနဲ့ ခင်ဗျားက လုပ်ပေးလိုက်ရောလား'' ''လုပ်ပေးစရာလားဗျာ။ မင်းဖာသာမင်း ကြိုးစားပြီး နိုင်အောင်ကစား။ ဒါမျိုးနောက်လာမလုပ်နဲ့။ ပြိုင်ပွဲက အထုတ်ခံရမယ်။ ပြီးခဲ့တဲ့ အင်ဒိုနီးရှားဆီးဂိမ်းမှာတောင် ဗီယက်နမ်စစ်တုရင်သမားတစ်ယောက် ဒီလိုမျိုးမကစားခင် သွားလုပ်လို့ အရေးယူ အပြစ်ပေးခံလိုက် ရတယ်ဆိုတာ ပြောပြလိုက်တယ်''
(၁၀)
ပြောပြလာကြသမျှ ကြားရတာ
တွေရေးပြရရင် မနည်းမနောဗျာ။ ကိုယ့်အလုပ်ကိုကိုယ် ကောင်းကောင်း မလုပ်ကြတာ။
ကိုယ့်နယ်ပယ်မှာ ကိုယ် ပိုမိုကျွမ်းကျင်အောင်တိုးတက်အောင် မကြိုးစားချင်ကြတာ။
လူကြီးနာမည်ရောင်းစားပြီး စီးပွားရှာကြတာ။ လူကြီးပြပြီး တွေ့ခွင့်ရဖို့လုပ်
ပေးရင် ဘာ၊ စာတင်ပေးရင် ညာ၊ ခွင့်ပြုချက်ရရင် အ၀ှာစသဖြင့် လုပ်စားကြတာစသဖြင့်
ပြောပြကြတယ်။ စကားဝိုင်းတွေရဲ့ ထုံးစံအတိုင်း ခေါင်းစဉ်တစ်ခုခုစလိုက်ရင်
အထင်တွေ၊ အမြင်တွေ ပြောကြတယ်။ ကိုယ်ကတော့ နားထောင်ကြားနာမှတ်သားပေါ့ဗျာ။
(၁၁)
ကြားနာမှတ်သားတွေ့မြင်ရတာ တွေများလာတော့ စဉ်းစားကြည့်တယ်။ အဲဒါတွေ တကယ်ဖြစ်နေတာလား။ အဲဒါမျိုးတွေ တကယ်များ နေပြီလား။ ဒီကိစ္စမျိုးတွေ ဘာကြောင့်ဖြစ်လာရတာလဲ။ ဒီအကျိုးကို ဖြစ်စေတဲ့အကြောင်းတွေက ဘာလဲပေါ့ဗျာ။ နောက်ပြီး ဒီအကျိုးကလည်း နောက်ထပ်ဖြစ်လာမယ့် ရလဒ်တစ်ခုအတွက် အကြောင်းတရား ပြန်ဖြစ်ဦးမှာ။ ဒီလိုမျိုးအကြောင်းတရားမှာ အရင်းခံပြီးရလာမယ့် အကျိုးတရားကလည်း ကောင်းစရာတော့ သိပ်ရှိလှမှာ မဟုတ်ဘူး။ တွေးရင်း တွေးရင်းနဲ့ ခေါင်းတွေ မူးနောက်လာတယ်။ ကြီးတော်ကြီး အသေစောသွားတယ်။ နို့မို့ရင် ''ကြီးကြီးရေ ပန်းတိမ်မှမသင်ရသေးဘူး။ ရွှေခိုးတာတော့ တတ်နေကြသဗျာ''ဆိုပြီး စောဒကတက်လို့ရသဗျာ။ ဒီတစ်ခါဆိုရင်တော့ ခေါင်းများ အခေါက်ခံရမလားပဲ။ ။ |
လူငယ်လေးတွေ တော်ကြပါပေတယ်
လူငယ်လေးတွေ တော်ကြပါပေတယ်
(၁)
လူငယ်နဲ့
လူကြီးတွေရဲ့ကြားမှာ ကွာဟာမှုဆိုတာ အစဉ်အဆက် ရှိခဲ့ကြတာ။ ခေတ်တိုင်း
ခေတ်တိုင်းလိုလိုမှာ လူငယ်တွေရဲ့ ပြောဆိုပြုမူနေ ထိုင်လုပ်ကိုင်ကြတာတွေကို
သဘောမတွေ့ကြတဲ့ လူကြီးတွေ ရှိတတ်ကြ ပါတယ်။သဘောမတွေ့တဲ့အလျောက်
ဗြစ်တောက်ဗြစ်တောက် လုပ်ကြတာတွေလည်း ရှိပါတယ်။ မောင်စံပေါတို့ ငယ်ငယ်တုန်းကလည်း ၀တ်စားဆင်ယင်ပုံတွေကို လူကြီးတွေ
တွေ့ကြပြောကြ ဝေဖန်ကြတာပါပဲ။ မောင်စံပေါကိုယ်တိုင်
တောင် အထက်တန်းကျောင်းသား ဘ၀အထိ တိုနန့်နန့် ဆံပင်နဲ့နေခဲ့ရတာ၊ တက္ကသိုလ်ရောက်မှ ဆံပင်ရှည် ထားခွင့်ရခဲ့တာ။
(၂)
အခု
အသက်ကလေးရလာချိန်မှာ ပတ်ဝန်းကျင်တွေကလည်း ကွာခြားလာတယ်။ ဒီခေတ် လူငယ်လေးတွေလည်း ဟိုခေတ်
လူငယ်တွေလိုပါပဲ။ ခေတ်အလိုက် သူတို့အကြိုက် ၀တ်စား နေထိုင်ကြတယ်။
နိုင်ငံရပ်ခြားနဲ့ ကူးလူးဆက်ဆံမှုတွေကလည်း
များလာတော့ နိုင်ငံခြား ယဉ်ကျေးမှု ထိုးဖောက်စိမ့်ဝင်လာမှုတွေလည်း ရှိလာတာပေါ့။ မကြာမတင်ကာလက ကျော် ဖြတ်ခဲ့ကြတဲ့ ဖေဖော်ဝါရီလ
၁၄ ရက်နဲ့ပတ်သက်ပြီး ရေးကြပြုကြ ပြောကြတာတွေ
တော်တော်များခဲ့ပါတယ်။ မီဒီယာတွေလည်း တော်တော်များများ တွေ့မြင်ရပါတယ်။
(၃)
ပြောကြတဲ့အထဲမှာ
ဒီနေ့ခေတ် လူငယ်တွေ အသုံးမကျဘူး။ ဖေဖော်ဝါရီရောက်တာနဲ့ ၁၄ ရက်ပဲ သတိရကြတယ်။ ၁၃ ရက်ကို
ခေါင်းထဲမှာ မရှိကြဘူး။ ဘာညာနဲ့ တော်တော်ကြီးကို ကြီးကြီးကျယ်ကျယ် ပြောကြတဲ့
သူတွေလိုလည်း တွေ့ရတယ်။ ၀မ်းနည်းပါတယ်။ လုံးဝ
ဆန့်ကျင်ပါတယ်။လူငယ်တွေအကြောင်း ပြောမယ်ဆိုရင် လူကြီးတွေကိုယ့် ကိုယ်ကိုလည်း ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ ခင်ဗျားတို့ကရော
လူငယ်တွေကို ဘာတွေ လမ်းပြခဲ့ကြသလဲ။ ဘာစိတ်ဓာတ်တွေ
သွင်းပေးနေသလဲ။ ဘာတွေ မြင်အောင်ပြပြီး ဘာတွေ အားကျအောင် လုပ်ခဲ့သလဲ။ အများကြီးပါ
ပြန်ပြီး မေးခွန်းထုတ်ကြည့်ကြပါ။
(၄)
မောင်စံပေါတို့
တက္ကသိုလ် ကျောင်းသားဘ၀တုန်းကဆို တက္ကသိုလ်မြေကို ခြေချခွင့်ရတာနဲ့ စိတ်ဓာတ်က
အလိုလို တက်ကြွလာတယ်။ ငါတို့ တက္ကသိုလ် ကျောင်းတော်သားကြီး
ဖြစ်ခဲ့ပြီ။ သမိုင်းရဲ့ အစဉ်အလာ ကောင်းတွေ ပြည့်နှက်နေရာ
မြသီလာမှာ ခြေချ ပညာသင်ခွင့်ရခဲ့ပြီ။ နိုင်ငံအနှံ့က ရောက်လာကြတဲ့
သူငယ်ချင်းများနဲ့ တွေ့ဆုံသိကျွမ်း
ခင်မင်ခွင့်ရကြပြီ။ ဆင်းရဲချမ်းသာ အထက်လွှာ အောက်လွှာ ရောက်လာသမျှ သားသမီးတွေဟာ
အမိတက္ကသိုလ်ရဲ့ ရင်ခွင်မှာ ပျော်ရွှင်စွာ ညီမျှစွာနဲ့
အသိပညာ၊ အတတ်ပညာတွေ သာမက ဘ၀ပညာ လူမှုပညာတွေ ပါရခဲ့ကြတယ်။မောင်စံပေါဆို ပအို့သူငယ်ချင်းက အခန်းဖော်၊ အခန်းချင်း ကပ်လျက်က ရခိုင်၊ မြိတ်ထားဝယ်သား သူငယ်ချင်းတွေရှိသလို ရှမ်း၊ ကချင်၊ ချင်းတွေလည်း ပါရဲ့။ တိုင်းရင်းသားလူမျိုး စုံဒေသစုံက သူငယ်ချင်းတွေရှိခဲ့တယ်။ ကျန်တဲ့တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေလည်း အလားတူပါပဲ။ ကျောင်းပိတ်ရက်တွေမှာ သူ့ဆီကိုယ်လိုက်လည်၊ ကိုယ့်ဆီသူလိုက်လည်၊ သူ့နှမကိုယ်ပိုး၊ ကိုယ့်အစ်မ သူယူစသဖြင့် ကြည်ကြည်ဖြူဖြူနဲ့ ရွှေလမ်းငွေလမ်းတွေ ဖောက်ခဲ့ကြရဲ့။ ဒေသန္တရ ဗဟုသုတရသလို တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးခဲ့ကြတယ်။ ချစ်သူတွေဖြစ်ကြပြီး အိမ်ထောင်ရက်သား ကျသွားကြသူတွေလည်း တစ်ပုံတစ်ပင်ဗျာ။
(၅)
အခု
လူငယ်လေးတွေလား။ လှုပ်လီလှုပ်လဲ့ အင်တာနက်ကျေးဇူးရဲ့ နိုင်ငံအစွန်းအဖျားက
သူတွေနဲ့တောင်မှ သိကျွမ်းကြတယ်။ ခင်မင်ကြတယ်ဆိုတာ ကြားမိတယ်။ အိုးမကွာ
အိမ်မကွာနဲ့ ကျောင်းတွေ အဆင့်ဆင့်တက်ပြီး တက္ကသိုလ်ရောက်ဘွဲ့ရ
အိမ်ထောင်ကျ ဘ၀ခရီးနှင်ကြတယ်။
(၆)
မြန်မာပြည်က
လူငယ်တွေမှာ စိတ်ကောင်း စေတနာမွန် အများကြီးရှိတယ်။ မောင်စံပေါ လုံးဝယုံကြည်တယ်။ လုပ်နိုင်ကိုင်နိုင်တဲ့
အစွမ်းသတ္တိတွေ အများကြီးရှိတယ်။ ဒါလည်း သေချာတယ်။ မျက်စိရှေ့မှာ တင်မြင်ခဲ့ဖူးတာ
အများကြီး။နာဂစ်အပြီးမှာ လှုပ်ရှားခဲ့ကြတဲ့ လူငယ်တွေ၊ တက်ကြွစွာနဲ့ စွမ်းသမျှ လုပ်ဆောင်ခဲ့ကြတာ ကူညီလုပ်ကိုင်ခဲ့ကြတာ အင်မတန်လှတဲ့ ပန်ချီကားပေါင်းများစွာ။ ဒါနမူနာ တစ်ခုပြောတာ။ကြားဖူးတာ တစ်ခုရှိတယ်။ ''လူဆိုတာ ကြီးလေလေ ကြောက်လေလေတဲ့''။ ဟုတ်တယ်ထင်ပါရဲ့။ ကိုယ်ကိုယ်တိုင်လည်းကြာတော့ ကိုယ့်ဘာသာကိုယ် ရွံ့လာတယ်။ အားမလို အားမရ ဖြစ်လာတယ်။ သေခါနီးလေလေ အတ္တကြီးလေလေ၊ ဘာမဟုတ်တဲ့ ပိုင်ဆိုင်မှုလေးတွေကို ပိုတွယ်တာလေလေဗျာ။
(၇)
တလောလေးကတင်
ဆေးတက္ကသိုလ်(၁)က နောက်ဆုံးနှစ် အပိုင်း(ခ) ကျောင်းသားကျောင်းသူတွေရဲ့
မွန်မြတ်လှတဲ့ လုပ်ဆောင်မှု ဒါနအလှူတစ်ခုကို အကြောင်းအားလျော်စွာ
တွေ့မြင်ကြားသိခဲ့ရတယ်။ကလေးဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူဖို့ စောင့်ဆိုင်းနေကြတဲ့ မွေးရာပါ နှလုံးရောဂါရှိတဲ့ ကလေးငယ်တွေ အများစုဟာ မိဘတွေ ငွေကြေးမတတ်နိုင်တဲ့အတွက်ကြောင့် ကလေးငယ်များစွာ သေဆုံးနေရကြောင်း၊ ပုံမှန် နှလုံးခွဲစိတ်မှုတစ်ခုဟာ မြန်မာကျပ်ငွေ ငါးသိန်းကနေ ၁၀ သိန်း အထိကုန်ကျကြောင်း၊ သြစတြေးလျက နှလုံးခွဲစိတ် ဆရာဝန်ကြီးတွေလာပြီး စေတနာနဲ့ ခွဲစိတ်ပေးမှာဖြစ်တဲ့အတွက် နှစ်သိန်း သုံးသိန်းလောက်ပဲ ကုန်ကျမယ့်အကြောင်းနဲ့ အဲဒီငွေကြေးပမာဏကိုတောင် မတတ်နိုင်ကြတဲ့ မိဘများစွာ ရှိနေကြောင်း၊ ဒါကြောင့် သူငယ်ချင်းတွေအနေနဲ့ ၀ိုင်းဝန်းထောက်ပံ့ လှူဒါန်းဖို့ စာရေးသား နှိုးဆော်တယ်။ ဆက်သွယ်စုံစမ်း လှူဒါန်းနိုင်မယ့် ကျောင်းသားလေးတွေရဲ့ နာမည်နဲ့ ဖုန်းနံပါတ်တွေ ဖော်ပြထားပြီး စုဆောင်းကောက်ခံရတဲ့ငွေတွေကို ကလေးနှလုံးအထူးကု ဆရာဝန်ကြီးကို သက်သေထားပြီး ကလေး၊ မိဘတွေကို တိုက်ရိုက် လှူဒါန်းသွားမယ်ဆိုတဲ့ အကြောင်း ရှင်းရှင်းလင်းလင်း ရေးထားတယ်။
လုပ်သင့် လုပ်ထိုက်တာတစ်ခုကို လုပ်နိုင်ပါလျက်နဲ့ မလုပ်ခဲ့ကြသူတွေ၊ မလုပ်သင့် မလုပ်ထိုက်တာ တစ်ခုကို မလုပ်ဘဲ နေနိုင်လျက်နဲ့ လုပ်ခဲ့ကြသူတွေ၊ အဲဒီလိုလူတွေရဲ့ စားမြုံ့ပြန်ဝိုင်းတွေထဲမှာ ကိုယ့်ရဲ့မျိုးဆက်တွေ လူငယ်တွေ မပါစေချင်ပါဘူး။ မပါနိုင်ဘူးလို့လည်း ယုံကြည်တယ်။
အဲဒီ ကျောင်းသားလူငယ်လေးတွေဟာ သူတို့တတ်နိုင်သမျှ မုန့်ဖိုးလေးတွေ၊ အသုံးစရိတ်လေးတွေ ချွေတာစုဆောင်းပြီးတော့ လှူကြတယ်။ ကြားသိရတယ်။ အင်မတန်မှ ပီတိဖြစ်ရတယ်။ လောလောဆယ် ရသလောက်က အားလုံးအတွက် မလောက်သေးလို့ မဲဖောက်ပြီး ပေးရ မှာဖြစ်လို့ စိတ်မကောင်းဖြစ်နေကြောင်း ပြောတဲ့ ကျောင်းသူလေးရဲ့ မျက်လုံးမှာ မျက်ရည်တွေဝဲနေတယ်။ သူတို့ရဲ့ လုပ်ရပ်ဟာ ထင်ပေါ်ဖို့လည်း မဟုတ်ဘူး။ ဘွဲ့ထူးဂုဏ်ထူးတွေ ရဖို့လည်း မမှန်းဘူး။ လူကြီးသဘောကျအောင် လှူပြနေတာလည်း မဟုတ်ဘူး။ လုံးဝအနှောင်အဖွဲ့ ကင်းတဲ့ စိတ်ရင်းစေတနာရင်းနဲ့ဗျာ။
(၈)
မောင်စံပေါတို့
ကြီးလာချိန်မှ ငယ်ငယ်တုန်းက အကြောင်းတွေ စားမြုံ့ပြန်ကြတယ်။ အဲဒီအချိန်မှာ
ကောင်းတာရော၊ မကောင်းတာရော၊ ဟုတ်တာရော၊ မဟုတ်တာရောပေါ့ဗျာ။
တချို့ကိစ္စရပ်လေးတွေအတွက် အမှတ်တရ လွမ်းတသသ
ဖြစ်ရသလို တချို့အတွက်ကျတော့လည်း စိတ်မကောင်း ဖြစ်ကြရတယ်။
လုပ်သင့်လုပ်ထိုက်တာတစ်ခုကို လုပ်နိုင်ပါလျက်နဲ့ မလုပ်ခဲ့ကြသူတွေ၊ မလုပ်သင့်
မလုပ်ထိုက်တာတစ်ခုကို မလုပ်ဘဲ နေနိုင်လျက်နဲ့
လုပ်ခဲ့ကြသူတွေ၊ အဲဒီလိုလူတွေရဲ့ စားမြုံ့ပြန် ၀ိုင်းတွေထဲမှာ ကိုယ့်ရဲ့မျိုးဆက်တွေ လူငယ်တွေ မပါစေချင်ပါဘူး။ မပါ
နိုင်ဘူးလို့လည်း ယုံကြည်တယ်။လူကြီးတွေအနေနဲ့ရော။
(၉)
လူငယ်တွေကို
နားလည်ပေးနိုင်ရပါမယ်။ ကိုယ့်ဘက်က ဖြည့်ဆည်းပေးရမှာ။ လုပ်ကိုင်ပေးရမှာတွေကိုလည်း ကြိုးစားလုပ်ဆောင်ပေးဖို့
လိုပါတယ်။အသက်ကြီးမှ သေခါနီးမှ လုပ်သင့် လုပ်ထိုက်တာတွေကို လူငယ် တွေအတွက် လုပ်နိုင်ပါလျက်နဲ့ မလုပ်ပေးဘဲနေကြဦးမှာလား။ မလုပ်သင့် မလုပ်ထိုက်တာတွေကို မလုပ်ဘဲနေနိုင်ပါလျက်နဲ့ ခေါင်းမာစွာနဲ့ လုပ်နေကြ ဦးမှာလား။ မှန်မှန်ကန်ကန် စဉ်းစားပြီး အကောင်းဆုံး လုပ်ဆောင်ခြင်းနဲ့ လူငယ်လေးတွေကို ပျိုးထောင်ပေးရင် မကောင်းဘူးလားဗျာ။ ။
Subscribe to:
Posts (Atom)