Thursday, 24 November 2011

လက်ကိုင်ဖုန်း ယဉ်ကျေးမှု

လက်ကိုင်ဖုန်း ယဉ်ကျေးမှု
မောင်စံပေါ
Page - 24, Bi Weekly Eleven, 18 March, 2011.

(၁)
       လက်ကိုင်ဖုန်းဆိုလို့ ''လက်က မကိုင်လို့ ခြေနဲ့ကိုင်ရမှာလားကွ''လို့တော့ မပြောကြပါနဲ့။ HANDPHONE ကို တိုက်ရိုက် မြန်မာမှု ပြုလိုက်တာပါ။ တချို့ ဘိုလိုရေးတဲ့ လိပ်စာကဒ်ကြားတွေမှာ MOBILE ဆိုထည့်တာလည်း တွေ့ဖူးပါတယ်။ ခေါင်းစဉ်ကို မြန်မာဆန်ဆန် ရေးချင်လို့ လက်ကိုင်ဖုန်းလို့ ရေးမိတာပါ။ အမှန်တော့ ဖုန်းဆိုတာ မွေးစားတာကြာလို့ သားသမီးအရင်းလို ဖြစ်နေတဲ့ အင်္ဂလိပ် စကားလုံးပါပဲ။ ရှိပါစေတော့။ ဟိုမှာဒီမှာ လွယ်လွယ်ကူကူ ရေးကြတဲ့ မျက်စိထဲ အမြင်များနေပြီဖြစ်တဲ့ ဟန်းဖုန်း စကားလုံးနဲ့ပဲ ခရီးဆက်ပါရစေ။

(၂)
       ဒီဟန်းဖုန်းဆိုသဟာကို မောင်စံပေါ စမြင်ဖူးတာ အိမ်နီးချင်းနိုင်ငံ တစ်ခုမှာပါ။ နှစ်တောင် ၂၀ လောက် ရှိရောပေါ့။ အဲဒီစတွေ့မြင်ဖူးတဲ့ ဟန်းဖုန်းကြီးက အကြီးကြီးရယ်။ လူရိုက်သတ်ရင်တောင် သေမလားဘဲ။ နောက်တော့ အဲဒီအကြီးကြီးက တဖြည်းဖြည်း သေးသေးလာတယ်။ ဈေးလည်းကျလာတယ်။ ပိုလည်း လှလာတယ်။ သုံးစွဲပုံ အဖုံဖုံနဲ့။

(၃)
       မောင်စံပေါတို့ ဆီမှာ ဆယ်လူလာနဲ့ စခဲ့ကြတာပေါ့။ ဈေးကလည်း တော်တော်ကြီးခဲ့ပါတယ်။ ဟန်းဖုန်းဟာ ငွေကြေးတတ်နိုင်တဲ့ သူဌေးတွေရဲ့ အဆောင်ယောင်တစ်ခုသဖွယ် ပုံပေါက်နေခဲ့ပါတယ်။ ဘယ်လက်မှာတစ်လုံး၊ ညာလက်မှာ တစ်လုံး၊ ခါးမှာချိတ်တာ နောက်တစ်လုံးနဲ့ အိုင်တင်ပေးတဲ့ ဦးဦး၊ ကိုကို၊ ကာလသားများကို မြင်ခဲ့ဖူးပါတယ်။
       အဲဒီတုန်းက ဟန်းဖုန်းဆိုတာ ရှားပါးကုန်။ ရှားပါးတော့ ခက်ခဲသပေါ့ဗျာ။ ဒီတော့ ပိုင်ဆိုင်တာကိုက၊ ကိုင်နိုင်တာကိုက ဂုဏ်တစ်ခုလို ယူဆကြသူတွေ ရှိခဲ့တာ မဆန်းလှပါဘူး။
       နောက်တော့ ဆယ်လူလာကနေ ဂျီအက်စ်အမ်တွေရော၊ စီဒီအမ်အေတွေရော အမျိုးတွေပွားလာပါတယ်။ ဟန်းဖုန်းမျိုးနွယ်စုကြီး ကြီးထွားလာသလို ဈေးသက်သာ လွယ်ကူစွာနဲ့ လူအများသုံးစွဲနိုင်ဖို့အခြေအနေဖြစ်ပေါ်တိုးတက်လာပါ လေရော။


တိုးတက်လာတဲ့ ပစ္စည်းတွေ များပြားလာတယ်။ ကိုင်တွယ်သုံးစွဲနည်း လမ်းညွှန်လို့ ပြောရမယ့် USERS' MANUAL စာအုပ်ငယ်ကလေးတွေ တွဲပြီး ပါလာတယ်။ 'လိုက်နာသင့်သော ကျင့်ဝတ်များ' ဆိုတာ ပါမလာပေမယ့် ကိုယ့်ဖာသာ နှလုံးသားနဲ့ ခံစား၊ ဦးနှောက်နဲ့ စဉ်းစားပြီး ပြဋ္ဌာန်းကြရမှာ....

      
       အဲဒီမှာ ကြွားစရာတစ်ခုလျော့တော့မှပဲ အောက်မေ့တဲ့ ကိုရွှေသူဌေး တချို့က ပြောကြတယ်။ ''ဟန်းဖုန်းကို ဟိုလူကိုင်၊ ဒီလူကိုင်နဲ့ဆိုရင် ကျုပ်တို့တတွေ အောက်တာပေါ့'' တဲ့။ ခက်ခက်ပါဘိတော့ဗျာ။ နဂိုကတည်းက အသုံးအဆောင်အဖြစ် မွေးဖွားလာတာပါ။ အဆောင်အယောင် မဟုတ်ဘူးလေ။

(၄)
       မြန်ဆန်လှတဲ့နည်းပညာတိုးတက်မှုတွေရဲ့ပြယုဂ်ဖြစ်တဲ့ ခေတ်ပေါ်အသုံးအဆောင်တွေထဲမှာ ဟန်းဖုန်းလည်း တစ်ခု အပါအ၀င်ပေါ့ဗျာ။
       စကားပြော ဆက်သွယ်ရရုံ သက်သက်ဖြစ်တဲ့ ရိုးရိုးအခြေခံ ဟန်းဖုန်း အဆင့်ကနေ စွယ်စုံသုံးဖုန်း SMART PHONE အဆင့်မြင့် တက်လာပါတယ်။
       ဖုန်းဆက်စကားပြောရုံသာမက ဟန်းဖုန်းနဲ့ ရေဒီယို နားထောင်နိုင်တယ်။ ရုပ်မြင်သံကြား ကြည့်နိုင်တယ်။ ဓာတ်ပုံ ကောင်းကောင်း ရိုက်လို့ရတယ်။ အရည်အသွေးမြင့် ဗီဒီယိုတွေ ရိုက်ကူး မှတ်တမ်းတင်နိုင်တယ်။ အသံသွင်းလို့ ရတယ်။ ဂိမ်းကစားနိုင် တယ်။ အင်တာနက် သုံးလို့ရတယ်။ သုံးနိုင်တဲ့ကဏ္ဍတွေ များမှများ။ ဟန်းဖုန်းတွေရဲ့ ဆောင်ရွက်နိုင်စွမ်းအားကလည်း ကြောက်ခမန်းလိလိ။

(၅)
       ကျောင်းမှာစာသင်ရင်း၊ ကျူရှင်တက်ရင်း ဟန်းဖုန်းနဲ့ မှတ်တမ်းတင်ပြီး ဖုန်းပြန်ဖွင့် စာပြန်နွေးတဲ့ ကလေးတွေလည်း တွေ့ဖူးတယ်။ ''တော်လိုက်တာ။ အကျိုးရှိရှိ သုံးတတ်ပါဘိ'' ဆိုပြီး ပီတိဖြစ်ရတယ်။
       မိတ်ဆုံပွဲတွေ၊ အခမ်းအနားတွေ၊ အမှတ်တရလေးတွေကို သီးခြား ကင်မရာ ဘာညာ ယူစရာမလိုဘဲ မှတ်တမ်းတင်နိုင်တာ မြင်ရတော့ အသုံးဝင်မှုကို အသိအမှတ် ပြုရပြန်ရော။
       တစ်ခါ ဒီဆူပါဟန်းဖုန်းတွေနဲ့ ယောက်ျား၊ မိန်းမ သံဝါသပြုတာတွေ ရိုက်လို့ရိုက်၊ နှစ်ဦးသား ဆိတ်ကွယ်ရာမှာ တွေ့ကြ ဆုံကြတာတွေ တိတ်တိတ်ကလေး မသိအောင်ရိုက်။ နှစ်ဦးသဘောတူရိုက် စတဲ့ဟာတွေကို လူထုအကြား နှံ့အောင်ဖြန့်လိုက်ကြတာတွေ သိရတဲ့အခါ တလွဲဆံပင် ကောင်းလှပါလားရယ်လို့ ဒေါသပွားရတယ်။
       ''ကြားလား'' ''ကြားလား'' ဆိုတဲ့ အသံတွေကလည်း ဟိုမှာ ဒီမှာ ညံလို့ရယ်။

(၆)
       ''ဟန်းဖုန်း အသုံးများလာတဲ့အခါ သုံးစွဲသူတွေမှာ ကျန်းမာရေး ထိခိုက်စေပါတယ်။ လျှပ်စစ် သံလိုက်စက်ကွင်း တွေကြောင့် ဦးနှောက်အာရုံကြောစနစ်ကို ချွတ်ယွင်းစေနိုင်တယ်။ လျှပ်စစ်သံလိုက်လှိုင်းတွေရဲ့ရိုက်ခတ်မှုဟာ ခန္ဓာကိုယ်ရဲ့ ဇီဝမျှ ခြေကို ထိခိုက်စေပါတယ်''ဆိုပြီး ကျန်းမာရေး ရှုထောင့်ကနေ သုတေသနပြု ဖော်ထုတ်မှုတွေ ရှိလာပါတယ်။
       အဲဒီမှာတင် ပညာရှင်များကလည်း မသုံးဘဲ နေလို့မရ၊ မသုံးဘဲ မနေနိုင်ကြမှတော့ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှာကြမှာပဲဆိုပြီး QUANTIUM SHIELD လိုမျိုး ပစ္စည်းလေးတွေ တီထွင်ပြီး ဟန်းဖုန်းတွေရဲ့ နောက်ဖက်မှာကပ်ပြီး အသုံးပြုခြင်းအားဖြင့် ရာနှုန်းပြည့် အကာအကွယ် မပေးနိုင်ပေမယ့် ၉၀ ရာခိုင်နှုန်းလောက် အထိတော့ လျော့ကျ စေတယ်ဆိုပြီး သိပ္ပံနည်းကျ သုတေသနပြု ဖော်ထုတ်လာကြတယ်။ သုံးစွဲတဲ့ သူတွေကလည်း လက်ခံကြတဲ့ အလျှောက် ဟန်းဖုန်းတွေရဲ့နောက်မှာ ဒိုင်းပြားလေးတွေ မြင်လာရပြန်တယ်။
       ဒါက သုံးစွဲသူကို တိုက်ရိုက်ထိခိုက်တာနဲ့ ပတ်သက်တာ တစ်ခုပါ။
       သုံးစွဲသူရဲ့ ပတ်ဝန်းကျင်ကိုရော။

(၇)
       သုံးစွဲသူရဲ့ ပတ်ဝန်းကျင်မှာ သိသာ ထင်ခြားတာက မကြားချင်ဘဲ ကြားနေရတဲ့ နှစ်လိုဖွယ်ရာ မရှိသော ဖုန်းခေါ်သံ Ring Tone တွေက ပထမဦးဆုံး ပြဿနာ။ သာယာနာပျော်ဖွယ်ရာ တီးလုံးလေးတွေ၊ သီချင်းသံလေးတွေက ပြဿနာ သိပ်မရှိလှပေမယ့် ညစ်ညစ်ညမ်းညမ်း၊ မိုက်မိုက်ရိုင်းရိုင်း ဖုန်းကိုင်ခိုင်းတဲ့ စကားတွေ၊ ကြောက်စရာ ဆူညံသံတွေက ကြားရသူကို တော်တော်ဒုက္ခပေးပါတယ်။
       မူးယစ်ဆေး အတူသုံးစွဲပြီးခဏ လောကကြီးကလွန်မြောက်သာယာနေရာက ဟန်းဖုန်း သံကြောင့် နိဗ္ဗာန်ဘုံ ပျောက်ဆုံးရလို့ ဒေါသထွက်ပြီး ရန်ဖြစ်ရာက သူငယ်ချင်းကို သတ်မိတဲ့အထိဖြစ်သွားတဲ့မှုခင်းတစ်ခု အိမ်နီးချင်းနိုင်ငံတစ်ခုမှာ ဖတ်ဖူးပါတယ်။
       နောက်ပြဿနာက ဖုန်းပြောတဲ့ စကားသံတွေ။ ဟန်းဖုန်းသုံးစွဲသူ တစ်ယောက်ထဲနေတဲ့ အခါမှာ ဘာမှ အကြောင်း မဟုတ်ပေမယ့် လူအများနဲ့ သက်ဆိုင်နေတဲ့ နေရာတွေမှာ တော်တော်လေး အနှောက်အယှက် ဖြစ်ရပါတယ်။
       ဟောတစ်ယောက်ထဲ ပြုံးလိုက်၊  ရယ်လိုက်၊ နှုတ်ခမ်းစူလိုက်၊ အမူအရာ အမျိုးမျိုးနဲ့ ပါးစပ်လေး လှုပ်စိလှုပ်စိ လုပ်နေတဲ့ မိန်းကလေးတွေ့ရလို့ စိတ်မှမှန်ရဲ့လားဆိုပြီး သေသေချာချာ စူးစမ်းမိမှ ဗလွတ်တွတ် (BLUE TOOTH) နဲ့ စကားပြောဓာတ်ခွက် သေးသေးလေးနဲ့ အိတ်ထဲက ဟန်းဖုန်းကို ချိတ်ဆက်ပြောနေတာပါလားသတိထားမိရပြန်တော့ ကိုယ့်ဖုန်း စကားပြောသံကြောင့် ပတ်ဝန်းကျင် အနှောင့်အယှက် မဖြစ်အောင် နေတတ်ပါလားလို့ ချီးကျူးမိရ ပြန်ပါရော။

(8)
       ''ချီးကျူးစရာ မဖြစ်ရင်တောင်မှ ကဲ့ရဲ့စရာ မဖြစ်အောင် နေကြ''တဲ့။ အမေမှာဖူးတယ်။
       ခက်တာက လောကကြီးမှာ တချို့ ကျင့်ဝတ်တွေ၊ စည်းကမ်းစည်းမျဉ်းတွေ ဆိုတာက ဘယ်သူကမှ ဥပဒေထုတ်ပြန် ချမှတ်ပေးထားတာ မဟုတ်ဘူး။ ကိုယ့်ဖာသာ အသိစိတ်ကလေးနဲ့ ဒါဆိုရင်တော့ မသင့်တော်ဘူးဟဲ့။ ငါ့နားမှာ ဒါမျိုး လာလုပ်နေရင် ငါခံနိုင်မှာ မဟုတ်သလို သူ့အနား ငါသွားလုပ်ရင်လည်း ဘယ်ခံနိုင်မှာလဲ စသဖြင့် ဆင်ခြင်ပြီး နေထိုင်ရတာမျိုး။
       ဒါတောင်မှ မသိသားဆိုးဝါးတဲ့သူတွေ ရှိသေးတယ်။ ကုမ္ပဏီကြီး တစ်ခုရဲ့ အစည်းအဝေးမှာ အရေးပါတဲ့ပြခန်း၊ ဖြန့်ဖြူးရေး မဟာဗျူဟာ၊ နည်းဗျူဟာတွေကို နိုင်ငံခြားမှာ သင်ယူလာတဲ့ စီးပွားရေးပညာတွေ အခြေခံလို့ တက်ကြွစွာနဲ့ စိတ်ပါလက်ပါ လေးလေးနက်နက် ဆွေးနွေးနေချိန်မှာ အရောင်းမန်နေဂျာ တစ်ယောက်ရဲ့ ဟန်းဖုန်းက သံသေးသံကြောင်နဲ့ ထမြည်ပါရော။ ဒါနဲ့မျက်မာန်ရှလို့ ဖခင် စီအီးအိုကြီးက အလုပ်ဖြုတ်ပစ်တယ်။
       နောက်တစ်ခုကျတော့ သူငယ်ချင်းတစ်ယောက် ပြောပြတာ။ ''ကျုပ်ဗျာ အစည်းအဝေးကြီး တစ်ခုရယ်လို့ သွားတက် ပါတယ်။ ထိပ်ကထိုင်နေတဲ့ လူကြီးသဘာပတိကိုမှ အားမနာ၊ အစည်းအဝေးကို မလေးမစားနဲ့၊ ဟိုနေရာက ဟန်းဖုန်းက ထမြည်၊ ဒီနေရာက ဟန်းဖုန်းက ထမြည်နဲ့ ကြာလာတော့ ကျုပ်စိတ်က သိပ်မကြည်တာနဲ့ ကိုယ့်အလှည့်ရောက်တော့ အဲဒီကိစ္စ ပြောလိုက်မိတယ်။ ကျုပ်မှားသွားသလားဗျာ''တဲ့။ ဒါနဲ့ လက်ဖက်ရည်ဝိုင်းမှာ ထိုင်နေတဲ့ တခြားသူငယ်ချင်းတစ်ယောက် ဆရာကြီးလေနဲ့ ''မှားတယ်''တဲ့။ ''ဗျာ''ဆိုတော့ ''အဲဒီအစည်းအဝေးမျိုး သွားတက်တာကိုက မှားတာ'' ဆိုပဲ။

(9)
       တချို့ ရုံးတွေ၊ အစည်းအဝေးခန်းမတွေမှာ 'လက်ကိုင်ဖုန်းများ ပိတ်ထားပေးပါရန် မေတ္တာရပ်ခံပါတယ်''ဆိုတဲ့ စာတမ်းတွေ ပေါ်လာတယ်။
       ဓာတ်ဆီဆိုင်တွေမှာ 'ဆီဖြည့်စဉ် လက်ကိုင်ဖုန်း အသုံးမပြုရန် မေတ္တာရပ်ခံအပ်ပါသည်'စတဲ့ စာတန်းကပ်တယ်။ လိုအပ်တော့လည်း လုပ်ရတော့တာပါပဲ။
       'ဟန်းဖုန်းပြောနည်းလမ်းညွှန်' 'ဟန်းဖုန်းကျင့်ဝတ်' စတဲ့ နာမည်မျိုးစုံနဲ့ စာအုပ်တွေတော့ မတွေ့မိသေးပါဘူး။ ဘိုလိုရေးတဲ့ စီးပွားရေးပညာပေး၊ အုပ်ချုပ်မှုပညာပေး မဂ္ဂဇင်းတစ်ချို့မှာတော့ ဆောင်းပါးလေးတွေ ဖတ်ဖူးပါတယ်။
       တိုးတက်လာတဲ့ ပစ္စည်းတွေ များပြားလာတယ်။ ကိုင်တွယ်သုံးစွဲနည်းလမ်းညွှန်လို့ ပြောရမယ့် USERS' MANUAL စာအုပ်ငယ်ကလေးတွေ တွဲပြီး ပါလာတယ်။ 'လိုက်နာသင့်သော ကျင့်ဝတ်များ' ဆိုတာ ပါမလာပေမယ့် ကိုယ့်ဖာသာ နှလုံးသားနဲ့ ခံစား၊ ဦးနှောက်နဲ့ စဉ်းစားပြီး ပြဋ္ဌာန်းကြရမှာ။

(10)
       ဟန်းဖုန်းတွေ အဆင့်မြင့်မြင့် လာတယ်။ သုံးစွဲသူတွေရဲ့ ယဉ်ကျေးမှု အဆင့်မြင့်မြင့်လာတယ်။
       ဟန်းဖုန်းတွေ ပိုပိုပြီး လှလှလာတယ်။ သုံးစွဲသူတွေရဲ့ စိတ်ဓာတ်တွေ ပိုပိုပြီး လှလှလာတယ်။
       ဟန်းဖုန်းတွေမှာ သုံးစရာ ပိုများလာတယ်။ သုံးစွဲသူတွေလည်း လောက၀န်းကျင်အတွက် အရေးပါတဲ့သူတွေ ပိုပြီး များများလာတယ်။
       ကောင်းလိုက်တာဗျာ။ ဒီလိုပဲ ဖြစ်ရမှာပေါ့။    

အဖိုးတန်သောပစ္စည်းနှင့် အဖိုးမတန်သောလူ

မောင်စံပေါ
Page - 22, Weekly Eleven, 17 August, 2011.

(1)
       ပစ္စည်းတစ်ခုကို တန်ဖိုး ဘယ်ရွေ့ဘယ်မျှ ဆိုပြီး ဈေးနှုန်း ရေးရေး မရေးရေး ဘယ်လောက်တော့ တန်တာဘဲ၊ ဘယ်လောက်တော့ တန်မှာလဲ စသဖြင့် ယေဘုယျလောက်တော့ သိကြ၊လက်ခံကြတတ်ပါတယ်။
        လူတွေဆိုရင် . . .

(2)
       ရန်ကုန်ဝိဇယမီးပွိုင့်မှာပါ။
       ကားတွေ ဥဒဟို ဖြတ်သန်း မောင်းနှင်နေချိန်မှာ မီးပွိုင့်က စိမ်းလိုက်၊ ၀ါလိုက်၊ နီလိုက်နဲ့။ တစ်ခုသော စိမ်းဝါနီမှာပေါ့ဗျာ။ ဘယ်ဘက်ကွေ့ကြောမှာ ကွေ့နေကြတဲ့ ကာတွေထဲက ကားကြီးကားကောင်းတစ်စီးကွေ့ရင်း မီးနီမိသွားတယ်။ ဒီတော့ ကွေ့လက်စ နေရာ လမ်းဆုံရဲ့ အလယ်ခေါင်မှာရပ်တယ်။
       မြင်လိုက်တာနဲ့ အင်မတန့် အင်မတန်မှ ဈေးကြီးမှန်း သိသာတဲ့ကားကြီးပေါ့။ အဲဒီကားကြီး ကိုးလို့ကန့်လန့်ရပ်ထားတော့ မီးပွိုင့်လွတ်လာတဲ့ကားတွေ ဒုက္ခရောက်ကုန်တယ်။ တည့်တည့်သွားဖို့ထားတဲ့ ယာဉ်ကြောနှစ်ကြောထဲက တစ်ကြောက လုံးဝ ပိတ်သွားတယ်။
       တစ်ဖက်ကနေတည့်တည့်သွားမယ့် အငှားကားယာဉ်မောင်းကတော့ သည်းခံနိုင်ဟန် မရှိ တော့ပါဘူး။ ကားခေါင်းထဲကနေ ခေါင်းပြူပြီး ''ခင်ဗျားတို့ ဘယ်လိုလုပ် ရပ်ထားတယ်။ နောက်ပြန်ဆုတ်ပါလား။ ဒီမှာကားတွေပိတ်ကုန်ပြီတဲ့''။ စိတ်တိုတိုနဲ့အော်ပါရော။
       ကားကောင်းကြီးကတော့ ခပ်တည်တည်နဲ့ နောက်မဆုတ်တဲ့အပြင် ကားပေါ်မှာ မိန့်မိန့်ကြီး ထိုင်နေတဲ့ မိန်းမကြီးတစ်ယောက် အငှားကားယာဉ်မောင်းကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြန်အော်ပါရော။ ''ဟဲ့ နင်ခိုင်းတိုင်းလုပ်ရအောင် နင်က ဘာကောင်မို့လို့လဲ။ အောက်တန်းစား တက်စီသမားကများလူပါးဝလို့''
       ပြောတဲ့စကားနဲ့ လေယူလေသိမ်းနဲ့ မျက်နှာပုံစံ၊ အသားအရည် အရောင်အသွေးက အဲဒီမိန်းမကြီး ကိုယ်စားပြုတဲ့ မျိုးနွယ်စုကို အထင်သား ဖော်ပြနေတယ်။
       စိတ်တိုဒေါသထွက်စွာနဲ့ အငှားကားယာဉ်မောင်း တံခါးဖွင့်ပြီး လမ်းပေါ်ဆင်းလာတယ်။ အဲဒီအချိန်မှာပဲ တစ်ဖက်မီးပွိုင့်က စိမ်းသွားတာနဲ့ ကားအကောင်းစားကြီး ၀ူးကနဲ မောင်းထွက်သွားတယ်။ မိန်းမကြီးက တံထွေးတစ်ချက် ထွီကနဲထွေးရင်း လမ်းပေါ်က အငှားကား ယာဉ်မောင်းကိုစေ့စေ့ကြည့်သွားတယ်။ လမ်းပေါ်က ကားဆရာခမျာ လက်သီးလက်မောင်းတန်းပြီး ဒေါသထွက်လွန်းလို့တုန်ပြီးကျန်နေခဲ့တယ်။
       အဲဒီမိန်းမကြီးကို မိုက်ရိုင်းခွင့်လိုင်စင် ပေးထားတာ မဟုတ်ပါဘူး။

(3)
       ရန်ကုန်အေဒီလမ်းမီးပွိုင့်မှာပါ။
       ပြည်လမ်းရဲ့ ယာဉ်ကြောသုံးခုထဲက ဘယ်ဘက် အစွန်ဆုံးကြောကို ဘယ်ကွေ့တဲ့ ကားတွေအတွက် သီးသန့်ပေးထားပြီး မီးပွိုင့်မှာလဲ မီးစိမ်း သီးခြားအချက်ပြ တပ်ဆင်ထားပါတယ်။
ပြည်လမ်း မီးနီ မိနေချိန်မှာ အရောင်တွေ တဖိတ်ဖိတ်တောက်နေတဲ့ ကားကြီးတစ်စီး မောင်းဝင်လာတယ်။ ဘယ်ကွေ့ကြောအတိုင်း လာပြီး ရှေ့ဆုံးမှာရပ်တယ်။ ကားရဲ့နံပါတ်က သာမန်ကားနံပါတ်တွေလိုမဟုတ်ဘူး။ နံပါတ်သက်သက် အဖြူရောင်နံပါတ်ပြားနဲ့။ ကားရှေ့မှာလဲ အလံတိုင်ငယ် တစ်ခုကို သားရေအစွပ် အမဲနဲ့ ကပ်ထားတယ်။ ဘယ်အလံမှန်းတော့ မသိရဘူးပေါ့။ ဗဟုသုတရှိသူတွေကတော့ဘယ်ကကားလည်းသိမှာပါ။
       မီးစိမ်းတယ်။ ဘယ်ကွေ့ကြောကကားတွေ လွတ်လွတ်လပ်လပ် ကွေ့နိုင်ဖို့ သီးသန့် အချက်ပြမီးစိမ်းက ပေါ်လာတယ်။ မြားစိမ်းစိမ်းရယ်။ ၂၀၊ ၁၉၊ ၁၈၊ ၁၇ . . .စသဖြင့် တဖြည်းဖြည်း ငယ်သွားတဲ့ဂဏန်းတွေကအချိန်ကိုပြလို့။
       ကွေ့ဖို့ သီးသန့်ခွင့်ပြုထားတဲ့ လိုင်းရဲ့ထိပ်က ကားအကောင်းစားကြီးက လုံးဝမလှုပ်။ နောက်ကားက မီးဖွင့်ပိတ်လုပ်ပြီး သတိပေးတယ်။ မမြင်တာလား။ ဂရုမစိုက်တာလား။ ကားအကောင်းစားကြီးရယ်။ငြိမ်လို့ခပ်တည်တည်ပဲ။
       ကွေ့ကြောသီးသန့် မီးစိမ်း အပြီးမှာ တည့်တည့်သွားမယ့် မီးစိမ်း ပေါ်လာတယ်။ ၀ူး ခပ်တည်တည်ကားအကောင်းစားကြီး ခပ်တည်တည်ပဲ တည့်တည့်မောင်းထွက်သွားတယ်။ ကွေ့ဖို့ ခွင့်ပြုချိန်မှာ မကွေ့လိုက်ရတဲ့ တသီတတန်းနဲ့ ကားတွေ နောက်မှာရပ်ပြီး မေတ္တာပို့ ကျန်ခဲ့တယ်။
       အဲဒီကားမောင်းတဲ့ နိုင်ငံကြီးသားကို စည်းကမ်းဖောက်ဖျက်ခွင့် လိုင်စင်ပေးထားတာ မဟုတ်ပါဘူး။

(4)
       နာမည်ကြီး နိုက်ကလပ် တစ်ခုမှာပါ။ မပြောပါရစေနဲ့တော့။ ညကလပ်ပါဆိုမှ တရားမှတ်တဲ့လူတွေ ဘယ်လာကြမှာလဲ။ သန်းခေါင်ကျော်လို့ တစ်နာရီတောင် ခွဲနေပြီ။
       ကားရပ်တဲ့နေရာမှာ ကားတွေက ဒင်းကြမ်း။ အများစုက ခပ်မိုက်မိုက်ကားတွေ။ အဲဒီကားတွေက ဈေးက မိုးပေါ်မှာဆိုတာ တော်ရုံတန်ရုံလူ သိပါတယ်။ အဲဒီထဲက ကားတစ်စီးရဲ့ နံပါတ်ပြားက ဖြူ၊ နက်၊ နီ၊ ပြာ တစ်ခုမှမဟုတ်တဲ့ တခြားအရောင်။
       ကားဝယ်ယူတင်သွင်းခွင့်ပြုချက် မူလရထားသူပဲဖြစ်ဖြစ်၊ သူ့ဆီကနေ တစ်ခြားသူ တစ်ယောက်ယောက်က ခဏယူသုံးတာပဲ ဖြစ်ဖြစ်၊ ယာဉ်မောင်းက ခိုးထွက် လာတာမျိုးပဲ ဖြစ်ဖြစ်၊ ဘာတွေဖြစ်ဖြစ်ပါ မလျော်မကန်ကြီးပါလားဟရိုး ဆိုပြီး အော်ချင်မိတာအမှန်ပါ။
      အဲဒီသူတို့ကို လုပ်ချင်ရာလုပ်ခွင့် လိုင်စင် ပေးထားတာ မဟုတ်ပါဘူး။


ယဉ်ကျေးမှု မထွန်းကားသေးတဲ့ ကျောက်ခေတ်မှာ ပြဿနာက နည်းပါတယ်။ ယဉ်ကျေးမှုတွေ ထွန်းကားလာတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက် များပြားလာတယ်။ ကုန်သွယ်ရာမှာ ကြားခံအဖြစ် ငွေကိုသုံးလာတယ်။ လူသားရဲ့အစွမ်းက အံ့မခန်းပါပဲ  .  .  .

       
(5)
       အဆင့်မြင့်စားသောက်ဆိုင်ကြီး တစ်ခုမှာ။ အထပ်အမြင့်ကြီးမှာဖွင့်ထားလို့ အဆင့်မြင့် ပြောတာ မဟုတ်ဘူး။ သန့်ရှင်းသပ်ရပ် လှပခန့်ညားပြီး ဈေးကလဲ အင်မတန်ကြီးတာမို့ ပြောတာ။ နောက်ပြီး ဇွန်းခရင်းတွေကလဲ ငွေသားစစ်စစ်တွေ။ လာတဲ့သူတွေကလဲ ကြေးရတတ်တွေပဲများတာ။
       အဲဒီတစ်ခုသော သီးသန့်ခန်းမှာ ရေပေါ်ဆီတစ်စု ညစာ သုံးဆောင်ကြတယ်။ ထုံးစံအတိုင်း စားစားသောက်သောက် ပြောပြောဆိုဆိုနဲ့ပေါ့။ သူ့ ရိုးလက်နာရီက ဘယ်လောက်တန်တာ။ ငါ့ကိုရမ်နာရီက ဘယ်လိုဈေးကြီးတာတွေလဲ ပါတယ် ဘောလုံးပွဲ၊ ရုပ်ရှင်၊ ကိုရီးယားမင်းသား၊ မင်းသမီးဘာညာစုံပါရော။
       အဲဒီမှာတင် ဟိုတစ်ယောက်က ငါနဲ့ဘယ်မှာ ဘယ်လိုဖြစ်ဖူးတာတို့၊ ဘာတို့ညာတို့ကို နာမည်တွေနဲ့ ပျစ်ပျစ်နစ်နစ် တစ်ယောက်နဲ့တစ်ယောက် အားကျမခံ ပြောကြပါရော။ တကယ်ပဲလား။ပါးစပ်အရသာခံပြောတာလား။ ဘာပဲဖြစ်ဖြစ် မကောင်းတာအမှန်။ စောင့်ရမယ့် ''စည်း''ကို ကျော်ပြီး ပြောချင်ရာ ပြောကြာတာဗျာ။ နောက်ပြီး စားပွဲထိုးလေးကို လှမ်းပြောသေးတယ်။ ''နင် ငါတို့ အခုပြောနေတာတွေကို ဘယ်သူ့မှ လျှောက်မပြောနဲ့နော်'' တဲ့။ သေချာပါတယ်ပြောမှာ။
      အဲဒီပုဂ္ဂိုလ်များကို တစ်ဖက်သား ထိခိုက်နစ်နာအောင် အသရေဖျက်ပြောခွင့် လိုင်စင်ပေးထားတာ မဟုတ်ဘူး။
       
(6)
       အဆင့်မြင့်ဂေါက်ကွင်းကြီးတစ်ခုမှာ။
       ပိတ်ရက်ဖြစ်တော့ ထုံးစံအတိုင်း လူကများလှသပေါ့။ ဒီတော့ တီခုံမှာ စထွက်ရဖို့ အရေးက စောင့်ရတယ်။ ကြာတယ်။ စရိုက်မဲ့အဖွဲ့၊ ရိုက်ဖို့ပြင်နေတဲ့ အဖွဲ့၊ နောက်လိုက်မဲ့ အဖွဲ့ စသဖြင့် အနည်းဆုံးသုံးဖွဲ့လောက် နေရာယူထားတာဆိုတော့ လူဆယ့်လေးငါးယောက်လောက် ရှိသပေါ့ဗျာ။ သူငယ်ချင်း မိတ်ဆွေတွေကို နှုတ်ဆက်ခွင့်ရသလို ကြွားချင်တဲ့ ပုဂ္ဂိုလ်များဆိုလည်း ကြွားဖို့အင်မတန်အဆင်သင့်ချိန်ပေါ့။
       ''ဟဲ့ကောင်မလေး၊ငါ့ဒရိုင်ဗာအသစ်ယူခဲ့စမ်း''
        ကျယ်ကျယ်ဟဟ အသံထွက်လာတော့ ဂေါက်သီးရိုက်မယ့် လူတွေရော၊ ကျန်တဲ့ ကယ်ရီ၊ ထီးမိုး၊ တီဇုံဝန်ထမ်း စတဲ့ လူတွေရဲ့ အာရုံက အသံလာရာဆီကို ရောက်သွားကြတယ်။
        ''ငါ့ကို ဂေါက်တုတ် အသစ်နော်၊  အဲဒီ တစ်ချောင်းထဲကို သိန်းငါးဆယ် ပေးရတာ''
        ဘာကြီးလဲဟ၊ သူ့ဖာသား ငါးဆယ်မလို့ ငါးရာဖြစ်ဖြစ်၊ ငါးထောင်ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် အားကျအထင်ကြီးတဲ့ မျက်လုံးတွေလဲရှိရဲ့။ ဆက်လာတဲ့စကားက နားထဲကို ခါးသီးစွာ ၀င်လာတယ်။
        ''ကောင်းကေင်းကိုင်ခဲ့၊ ထိခိုက် ပွန်းပဲ့သွားလို့ကတော့ ငါနဲ့တွေ့မယ်။ အဲဒီလောက်ပိုက်ဆံ နင်ဟိုဟာလုပ်ရှာတောင် တစ်သက်လုံးရမှာ မဟုတ်ဘူး''
        သွားပြီ။ ကယ်ဒီလေးမျက်နှာ ရဲကနဲ ဖြစ်သွားတယ်။ အနားက ဂေါက်သမားတချို့ မျက်နှာလည်း မည်းကနဲနဲ့။
        အဲဒီလူကို နိုင်ထက်စီးနင်း ပြုကျင့်ခွင့် လိုင်စင် ပေးထားတာ မဟုတ်ပါဘူး။
        ရန်ကုန်က နာမည်ကျော် လက်ဖက်ရည်ဆိုင်ကြီးတစ်ခုမှာ သူငယ်ချင်းတစ်စု လက်ဖက်ရည်သောက်၊ မနက်စာစားရင်း စကားပြောနေကြတယ်။ မရှိမရှား ပုံစံတွေကြားမှာ တစ်ယောက်ကတော့ စီးပွားရေး အလွန်ကောင်းပုံ ပေါက်ပါတယ်။ သူ အဆင်အပြင် အဆင်တန်ဆာတွေက သက်သေလေ။
        ''ကဲရှင်းမယ်၊ ပိုက်ဆံတွက်''
        ပိုက်ဆံအိတ်ကြီးကို ဘုတ်ကနဲ ထုတ်ယူပြီး ပြောတယ်။ ''ဒါနဲ့ဟိုကောင်၊ မနက်ဖြန်မနက် ၆ နာရီတိတိ စရိုက်မှာနော်။ ကွင်းကြေး သောင်းကျော်ရော၊ ကယ်ဒီမုန့်ဖိုးပါ ငါပေးနေတာ။မင်းဘာကုန်ရတာ မို့လို့လဲ။ ဂေါက်သီးလေး လာရိုက်ပေးပါတယ်။ အရေးထဲ ပင့်ရဖိတ်ရနဲ့၊ မင်းဖာသာဆို ဒီလိုကွင်းမျိုး သွားနိုင်လို့လား''
        အပြောခံလိုက်ရတဲ့ သူငယ်ချင်းရဲ့ ရင်ထဲမှာ ကျင်ခနဲ နာသွားတယ်။ သံယောဇဉ်နဲ့ လုပ်ပေးနေတာတွေကိုကွာ၊ မင်းလက်အောက်ငယ်သားလဲ မဟုတ်ရပေါင်ကွာ။ စိတ်ထဲက စကားတွေက နှုတ်ဖျားကို ရောက်မလာပါဘူး။ နောက်ပြီး အမြဲတမ်းလဲ အားချင်မှအားမှာ၊ ပြီးတော့ အချိန်၊ လစ်ဟာသွားတဲ့ မိသားစုတာဝန်။တခြားဟာတွေတော့ ဖယ်ထားလိုက်ပါတော့။
ပစ္စည်းရှိတဲ့လူ အနေနဲ့ ပစ္စည်းမဲ့တဲ့လူကို စိတ်ဒဏ်ရာရအောင် လုပ်ခွင့် လိုင်စင်ပေးထားတာ မဟုတ်ပါဘူး။
         ပုံပြင်လေးတစ်ပုဒ်ပါ။ သူဌေးကြီးတစ်ယောက် မြစ်ကြီးကို သဗ္ဗာန်နဲ့ဖြတ်ဖို့ ငှက်ဆိပ်ကို ဆင်းလာပါတယ်။ (အိပဲ့၊ အိပဲ့ ငှက်သဗ္ဗာန် ခတ်သွားတယ်ဆိုပြီး ရေချိုးဆိပ်သီချင်းမှာတောင် ပါတယ်လေ။)
         ''ဟိတ်ကောင် ငါ့ကိုလာတွဲဦး။ ရေထဲပြုတ်ကျလို့ ငါ့အဖိုးတန် အ၀တ်အစားတွေ ရေစိုကုန်ရင် မလွယ်ဘူး''
         ''ဟုတ်ကဲ့''
        ဒီလိုနဲ့ သမ္ဗန်ပေါ်မှာ သူဌေးကြီးကိုတင်ပြီး ငှက်ခတ်လာတယ်။
        ''အခု တစ်နေ့ ဘယ်လောက်ရတုံး''
        ''အမှန်မရှိပါဘူး။ သူဌေးကြီးရယ်။ တစ်ကျပ်ရ ငါးမူးရနဲ့''
        ''၀င်ငွေဘာမှမရပါလား။ တယ်ညံ့သကိုး''
         ခဏနေပြန်တော့ ''မင်းမှာ အိမ်ရောရှိရဲ့လား''
         ''မရှိပါဘူး။ သူဌေးကြီးရယ်၊ ဟိုသောင်ခုံကတဲမှာ နေတာ''
         ''အိမ်ကလေး တစ်လုံးတောင် မရှိတဲ့ကောင်၊ တယ်ညံ့သကိုး''
         ဒီလိုနဲ့ သူဌေးကြီးက သမ္ဗန်သမားမှာ မရှိတာတွေကို မေးလိုက်၊ တယ်ညံ့သကိုး ဆိုလိုက်နဲ့ မြစ်လယ် ရောက်လာတယ်။ အဲဒီမှာတင် ရုတ်တရက် မိုးမှောင်ကျလာပြီး လေပြင်းအတိုက် လှိုင်းအရိုက်မှာ သမ္ဗန်မှောက်ပါရော။
        ''ဟိတ်ကောင်၊ ငါရေမကူးတတ်ဘူးကွ၊ ငါ့ကိုဆယ်ပါဦး''
         ''ရေလေးတောင် မကူးတတ်တဲ့ သူဌေးကြီး၊ တယ်ညံ့သကိုး'' ပြောပြောဆိုဆိုနဲ့ သမ္ဗန်သမားဟာ ရေကူးပြီး ထွက်သွားပါရော''
         ယဉ်ကျေးမှု မထွန်းကားသေးတဲ့ ကျောက်ခေတ်မှာ ပြဿနာက နည်းပါတယ်။ ယဉ်ကျေးမှုတွေ ထွန်းကားလာတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက် များပြားလာတယ်။ ကုန်သွယ်ရာမှာ ကြားခံအဖြစ် ငွေကိုသုံးလာတယ်။
         လူသားရဲ့အစွမ်းက အံ့မခန်းပါပဲ။
         ကိုယ်အဆင်ပြေစေဖို့ တီထွင်ခဲ့တဲ့ ပစ္စည်းတွေကြောင့် အဆင်မပြေ ဖြစ်ရတာတွေလဲ ရှိလာတယ်။
           အားလုံးကို ဆိုလိုတာ မဟုတ်ပါ ဘူး။ ပိုင်ဆိုင်မှုတွေ များသထက် များပြားလာချိန်မှာ ကိုယ်ချင်းစာတရားတွေ ခေါင်းပါးလာတယ်။ ဂရုဏာတရားတွေ ပျောက်ကွယ်လာတယ်။ သံသယမျက်လုံးတွေနဲ့ ကြည့်တတ်လာတယ်။ ပုံမှန် ဆက်ဆံရေးတွေ ကွယ် ပျောက်လာတယ်။
      ''ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်''လို့ ပြောတတ်ကြပါတယ်'' ကိုယ်တစ်ယောက်ထဲနဲ့ ပြီးသွားမယ်ဆိုရင် ပြဿနာ မရှိပါဘူး။ ကိုယ့်လူမျီုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်အသိုင်းအ၀ိုင်း၊ ကိုယ့်အလွှာ၊ ကိုယ့်ပတ်ဝန်းကျင် စသဖြင့် ရိုတ်ခတ်မှုက အနည်းအများ ရှိမှာ။ ဒါ အသေအချာ။
         မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးမင်းသိမ်းရဲ့အိမ် ကျောက်သင်ပုန်းမှာ ရေးထားတဲ့ စာလေးတစ်ပိုဒ် ရှိပါတယ်။ ကောင်းတယ်ဗျ ဆိုပြီး သဘောကျသမို့ မှတ်သားခဲ့ဖူးတာ ဖောက်သည်ချပါရစေ။ (ခွင့်တော့မတောင်းတော့ပါဘူး။ အစ်ကိုကြီးရေ)
        ''အဖိုးတန်ပေ့ဆိုတဲ့ ပစ္စည်းတွေကို ပိုင်ဆိုင် အသုံးပြုနိုင်ရုံနဲ့ လူ့အဖိုးတန် မဖြစ်ဘူး။ ရိုးသားစိတ်ကောင်းထားပြီး လူ့လောက ကောင်းကျိုးကို တတ်နိုင်သမျှ သယ်ပိုးဆောင်ရွက်မှ တကယ့် လူ့အဖိုးတန်" တဲ့ဗျား။