(1)
''ငယ်စဉ်က ကလေးတို့ဘ၀မှာ ပျော်ပါးဖို့ရာ လွယ်ပါတယ်…''
နှစ်ခြိုက်စွဲလမ်းခဲ့ဖူးတဲ့ သီချင်းတွေထဲက တစ်ပုဒ်ရဲ့ အပိုင်းအစလေးတစ်ခု၊ ကိုယ်ပိုင်သံစဉ်ခေတ် တစ်ခုထူထောင်ခဲ့တဲ့အဆိုတော်နဲ့ ကိုယ်ပိုင်သံစဉ် တေးရေးလောကမှာ မှတ်တိုင်ကြီးကြီးတစ်ခုစိုက်ထူခဲ့တဲ့ တေးရေးဆရာရဲ့ ပေါင်းစပ်မှု။
အခုတော့မှန်သေးရဲ့လား …။
(2)
မှန်တယ်၊ မှားတယ်ဆိုတာ အခြေအနေအချိန်အခါပေါ်မှာ တည်တယ်ဆိုလားပဲ။
ကိုယ်တိုင်ကျင်လည်ဖြတ်သန်းခဲ့တဲ့ငယ်ဘ၀တွေကို ဖြတ်သန်းထားရစ်ခဲ့ပြီဆိုပေမဲ့ အကြောင်းတိုက် ဆိုင်လာတဲ့အခါ ရာနှုန်းပြည့်မဟုတ်တောင်မှ အတော်များများ သတိရတတ်စမြဲ။
ကိုယ်ကိုယ်တိုင်ရဲ့ ငယ်ဘ၀ပုံရိပ်တွေအကြောင်းကို ထားပါတော့။ အခြေအနေတွေပြောင်းခဲ့ပြီ။ အချိန်အခါတွေလည်း မတူတော့ပြီဆိုတာ လက်ခံပါတယ်။
ဒါပေမဲ့ ကိုယ်တွေ့ကြုံနေရတဲ့ ပတ်ဝန်းကျင်လေးတစ်ခုထဲမှာတင် ဒါတွေဖြစ်နေတာလား၊ တစ်ကမ္ဘာလုံးမှာ ဒီလိုတွေဖြစ်နေပြီးလား။
(3)
''ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေကြသလဲတော့မသိပေါင်ဗျာ။ အစ်ကိုကြီးတို့ ပတ်ဝန်းကျင်ကတော့ ဟိုအရင်ငယ်စဉ်ကနဲ့မတူတော့တာအမှန်ပဲ''။
ဌာနကြီးတစ်ခုမှာ ညွှန်ကြားရေးမှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ပင်စင်ယူခဲ့တဲ့ နောင်တော် ကြီးတစ်ယောက်ရဲ့စကား။ ဘာတွေနဲ့များ ပတ်သက်နေပါလိမ့်။ ပြောရင်းဆိုရင်းနဲ့ သြော် သူပြောချင်တာ ဒါ ပါလားလို့သဘောပေါက်ခဲ့ရ။
''မဟုတ်ဘူးလေဗျာ။ အစ်ကိုကြီးတို့ ငယ်ငယ်တုန်းကအကြောင်းတွေ စဉ်းစားကြည့်တော့ ဒီခေတ်နဲ့ အတော်ကြီးကွာခဲ့တာကိုး။ အစ်ကိုကြီးတို့ခုန်ပေါက်ဆော့ကစားကောင်းတုန်းအချိန်ဗျာ။ ဘာသိမှာမှတ်လို့၊ ဘာတတ်မှာမှတ်လို့။ အခုခေတ်များဗျာ။ အစ်ကိုကြီးမြေးကလေးဆို မူကြိုကပြန်လာ အိတ်ကလေးချပြီးတာ နဲ့ နောက်တစ်ခါ စာအုပ်တွေအသွင်းအထုတ်လုပ် ကျူရှင်ပြေးရပြန်ရော''
ခေတ်ကာလရဲ့ ကွာခြားမှုတွေကို ပြောချင်တာလား။ ငါတို့လူဖြစ်ခဲ့ရတာ အောက်လှချည့်လို့ ဆိုလို ချင်တာလား။ ဒါမှမဟုတ် ဒီနေ့ခေတ်ကလေးတွေ သနားစရာလို့ ညည်းတွားချင်တာလားတော့မသိပါဘူး။
ကျေးလက်မှာကြီးပြင်းခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကနေ ထူးချွန်စွာဘွဲ့ရခဲ့သူ၊ နိုင်ငံခြားပညာတော်သင် တွေသွားခဲ့သူ၊ ဌာနကြီးတစ်ခုမှာ ရာထူးကြီးကြီးနဲ့ ထောင့်စေ့အောင်အုပ်ချုပ်ခဲ့ပြီး ပေးသမျှတာဝန်ကို ကျေ ပွန်ခဲ့သူ၊ အောက်သက်ကျေ အတွေ့အကြုံများပြီး ခေတ်များစွာကိုဖြတ်သန်းခဲ့သူ အစ်ကိုကြီးရဲ့မျက်နှာကို မော့ကြည့်မိပါတယ်။
ဝင်းပစွာတောက်ပြောင်နေတဲ့ အစ်ကိုကြီးရဲ့ မျက်လုံးတွေကတော့ ချစ်တဲ့မြေးကလေးအတွက် ဒီလို ဖြည့်ဆည်းပေးနိုင်တာကို ဂုဏ်ယူနေတဲ့ အရိပ်အယောင်တွေက အတိုင်းသား ပေါ်လွင်နေပါတယ်။
(4)
''ဂုဏ်ယူပါတယ်။ ဟုတ်တယ်ဆရာရဲ့။ ဆရာ့တပည့်ရဲ့ ဒုတိယတောအုပ်လစာက ကျွန်မတို့သားက လေးကျူရှင်ထားဖို့ ဘယ်လိုလုပ်လောက်မလဲ။ ဆန်ဖိုး၊ ဆီဖိုး၊ ဟင်းချက်စရာ၊ သာရေး၊ နာရေး ဘာညာသရ ကာနဲ့။ ဒါတောင်မှ နှစ်ဖက်မိဘတွေမရှိကြတော့လို့သာ။ မပြုစုရတော့လို့သာ''။
မတွေ့တာကြာတဲ့တပည့်တစ်ယောက်ဆီကြုံကြုံကြိုက်ကြိုက်ရောက်တဲ့အခိုက်ခဏမှာ သူ့မိန်းမရဲ့ ပြောစကားတွေ နားထောင်ရပြန်ရော။ တိုက်တိုက်ဆိုင်ဆိုင် ပထမတန်းကျောင်းတက်နေတဲ့ သူတို့သားလေး ရဲ့ ပညာအရည်အချင်းမှတ်တမ်းကတ်ပြားလေးကလည်း ရောက်နေချိန်လေ။
''တွေ့တယ်မဟုတ်လားဆရာ။ သားကလေး အခု ပထမအစမ်းမှာ ပထမရတယ်။ ဒီလိုမျိုးဖြစ် အောင်ကျွန်မမှာ ပင်ပန်းလိုက်ရတာလေ။ အတန်းကျောင်းမတက်ခင်ကတည်းက မူကြိုကိုမထားနိုင်တော့ ကျွန်မကိုယ်တိုင်သင်၊ ကြပ်မတ်၊ စာနုတ်နဲ့ အခုထိပဲလေ။
တပည့်လင်မယားက ပညာကို အလေးထားတာတွေ့ရတော့ စိတ်ထဲမှာ ကျေနပ်မိပါတယ်။ ဒါနဲ့ တပည့်က မွေးတဲ့ကလေး၊ သားတပည့်ရဲ့ကလေးဆိုတော့ မြေးလို့ပြောရင်လည်းရရဲ့။ မြေးတပည့်လို့ဝေါ ဟာရသုံးလိုက်ပါရဲ့။
''ကဲ မြေးလေးရေ။ မောင်တက်နေ လာပါဦး''
ခဏအကြာမှာ မောင်တက်နေ ရောက်လာပါတယ်။ လက်ထဲမှာလည်း ကျောင်းစာအုပ်ကလေးကိုင် လို့။
''တွေ့တယ်မဟုတ်လားဆရာ။ သားကအရမ်းကြိုးစားတာ။ အခုတောင် ဆရာခေါ်လို့သာ။ စာကျက် ပျက်မှာသိပ်ကြောက်တာဆရာရဲ့''
တပည့်ဇနီးဆိုတော့ တပည့်မခေါ်ရမှာပေါ့။ တပည့်မရဲ့စကားက။
''ဆရာ့မြေး၊ ကြိုက်တာသာမေးဆရာရေ။ မြင်းဒုန်းပြေးတာမှ နှေးလိမ့်ဦးမယ်''
အိမ်ရှေ့ကသစ်ပင်၊ ရွာလယ်ကချောင်း၊ ရွာဦးကျောင်းဆရာတော်။ တော်တော်ကြာအောင်တောင်မှ မမေးလိုက်ရပါဘူး။ ဒုတိယတောအုပ်ကတော် မျက်နှာညိုလာပါရော။
ကိုယ်ကလည်း အလိုက်ကမ်းဆိုးကမသိ။ ''မောင်တက်နေ လာ ဘဘနဲ့ ရွာထဲလျှောက်ကြရအောင်။ အပြန်ကျ တို့မြေးအဘိုး ကစားကြမယ်''လည်း ဆိုပါရော …
''ဆရာ ကျွန်မက ကျွန်မသားကို ပေါက်လွှတ်ပဲစားထားတာမဟုတ်ဘူး။ ၀န်ထောက်သားသမီး၊ သစ်တောဝန်သားသမီးမဟုတ်ပေမဲ့ တောာအုပ်သားလည်း ဆေးတက္ကသိုလ်တော့ရောက်ပါတယ်ဆိုတာ ပြ ဦးမှာ။ ဆရာ မဖျက်ဆီးပါနဲ့''
တပည့်မ ဒီ့ထက်မငြိုငြင်ခင်မှာပြန်ခဲ့ရပါတယ်။
(5)
အိမ်ပြန်ရောက်တော့လည်း ထိုနည်း၎င်းပါပဲ။ မူလတန်းအဆင့်မြေးအမှတ်နည်းသွားလို့ သုန်မှုန်နေ တဲ့အဘွားက မျက်ထောင့်နီကြီးနဲ့ကြိုနေပါတယ်။
''ဟင် … ဘာအဘိုးလဲ။ နန့်နန့်နန့်နန့်နဲ့။ ဟိုသွားဒီသွား။ ကိုယ့်မြေးလေးတွေရယ်လို့ ဂရုစိုက်တယ် မရှိ။ အခုကြည့်လေ သူများကလေးတွေနဲ့ယှဉ်တော့ ကိုယ့်ကလေးကအမှတ်နည်းနေပြီ။ ကောင်းကြသေးရဲ့ လား''
ဟုတ်ပါတယ်။ ကောင်းကြသေးရဲ့လား။
တစ်ခုခုတော့မှားနေပြီထင်ပါရဲ့။
(6)
တစ်ခုခုလား။ အများကြီးလား။ ကိုယ်ပဲမှားနေသလား။
အချက်အလက်၊ သုတေသနရလဒ်၊ ရည်ညွှန်းချက်တွေကိုးကားပြုပြီးငြင်းရ၊ အချေအတင်ပြောဆိုရ အောင်လည်း မောင်စံပေါက ပါရဂူမဟုတ်။
ကလေးတေရဲ့ အသက်အရွယ်အလျောက် ဦးနှောက်ကြီးထွားဖွံ့ဖြိုးမှု၊ သင်ကြားမှုပုံစံ၊ သင်ယူမှုအစီ အစဉ်ပတ်ဝန်းကျင်လေ့လာခြင်းနှင့် စူးစမ်းလေ့လာတတ်ခြင်း။ ပါးစပ်ထဲတွေ့တာလျှောက်ပြောကြည့်တာပါ။
ဘယ်ထဲမှာဘယ်လိုဆိုပါတယ်ပြောရအောင်လည်းစာအုပ်စာတမ်းကမပြည့်စုံ။ (မောင်စံပေါအိမ်မှာ ပါ) ၀ယ်ချင်ပြန်တော့လည်း ဘယ်မှာရှာရမှန်းမသိ။ ကြေးပြားကလည်းမရှိ။
ဂူးဂဲမှာရှာရအောင် အင်တာကလည်းမနက်။ တိမ်မှတိမ်၊ အိမ်မှာအေဒီအက် မအယ်နိုင်လို့ ဆိုင် သွားရင်လည်း တွေ့နေရတဲ့အမြန်နှုန်းကိုစောင့်ဖတ်ရရင် လောလောဆယ် ခါနာနိမ်းသွားမှာအမှန်။
(7)
ခေတ်တွေရဲ့ ပြောင်းလဲမှုကိုလည်း လက်ခံပါတယ်။ ခေတ်အဆက်ဆက်တိုးတက်ပြောင်းလဲလာလို့ လည်း မောင်စံပေါတို့ငယ်ငယ် ဇာတ်လမ်းပမာ နားဆင်စရာတို့၊ ဘ၀ကြေးမုံဇာတ်လမ်းစုံတို့ကအစ ဘောပွဲ တိုက်ရိုက်ထုတ်လွှင့်တာနားထောင်ပြီး ရင်ခုန်ရတာအလယ်၊ မော်ကွန်းရုပ်ရှင်မှာ တွေ့မြင်ရတာတွေကို ရင် သပ်ရှုမောဖြစ်ရတာအဆုံး၊ အားလုံးဟာပုံပြင်တစ်ပုဒ်လိုကျန်ရစ်ခဲ့ပါပြီ။
အမေ့ရင်ခွင်မှာ မှေးခိုရင်း အိပ်ရာဝင်ပုံပြင်တွေနားထောင်ရင်း အိပ်မောကျခဲ့ရတာမျိုးလည်းဒီနေ့ ခေတ်ကလေးတွေအတွက် မရှိသလောက်နည်းခဲ့ပါပြီ။
ဒီနေ့ခေတ် အမေတွေအားလုံးတော့မသိပါ။ မြေးတွေရဲ့အမေတွေ၊ လက်လှမ်းမီသမျှ အမေတွေ ကြည့်လိုက်မိတဲ့အခါ တစ်နေ့တာအိမ်တွင်းကိစ္စဖြစ်ဖြစ်၊ အိမ်ပြင်ကိစ္စဖြစ်ဖြစ် အလုပ်များပြားမိုးချုပ်၊ ရုပ်မြင်သံကြားရှေ့မှာ ကိုရီးယားကားကြည့်ပြီးအိပ်၊ နောက်နေ့ပြန်ထတစ်ပတ်ပြန်လည်။ ဒီသံသရာမှာပဲ တစ်ရစ်ခွေခွေ။
''ရွှေယုန်ရွှေကျား သက်ကယ်ရိတ်သွားကြသတဲ့''
ထားစမ်းပါ၊ ဘာတွေလဲ။
''လိပ်နဲ့ယုန် အပြေးပြိုင်ကြတဲ့အခါ''
နားစမ်းပါ။ မဖြစ်နိုင်တာတွေ။ အဲသလိုတွေ ဖြစ်ကုန်ကြပြီ။
ရိုးရာပုံပြင်ကလေးတွေက တစ်ဆင့် ကူးလူးဆက်ဆံပေးလိုက်တဲ့ ယဉ်ကျေးမှုအမွေ၊ ပုံပြင်တွေက ပေးတဲ့မတရားမှုကိုလက်မခံတဲ့၊ အမှန်တရားကိုမြတ်နိုးတဲ့စိတ်ဓာတ်၊ ဇာတ်သိမ်းမှာတွေ့ရတတ်စမြဲဖြစ်တဲ့ မင်းသားလေးနဲ့မင်းသမီးလေး ပျော်ရွှင်စွာပေါင်းဖက်ပြီး တစ်သက်လုံးနေသွားကြသတဲ့ကွယ်ဆိုတဲ့ စိတ်ကောင်း၊ စိတ်မွန်ရှိသူတွေအတွက် လှပတဲ့နိဂုံးဟာ စောင့်မျှော်နေစမြဲဆိုတဲ့ လောကနိယာမ၊ ချစ်စရာ့အ ချက်တွေအများကြီးရှိပါတယ်။
နောက်ပြီး ပုံပြောရင်းစီးဆင်းသွားတဲ့မိဘရဲ့မေတ္တာ၊ စေတနာ။ သားသမီးတွေ့ရဲ့ မိဘအပေါ်ပိုမို တင်းကျပ်စွာနှောင်လာတဲ့ တွယ်တာမှုသံယောဇဉ်။ အင်မတန်လှပပြီး အဖိုးမဖြတ်နိုင်ပါဘူး။
(8)
အဖိုးမဖြတ်နိုင်တဲ့အထဲမှာကလေးသူငယ်တွေရဲ့ စိတ်ဓာတ်၊ ခံယူချက်တွေဟာထိပ်ဆုံးကပါပါတယ်
သူတို့တစ်တွေဟာ အနာဂတ်ကို ဖန်တီးပုံစံချကြမဲ့သူတွေပေါ။ ဘာမှန်း၊ ညာမှန်းမသိဘဲ ပုံစံကျသ လိုဖြစ်လာတဲ့ လူမှုဝန်းကျင်ပုံစံခွက်ကြီးထဲမှာ နေထိုင်ကြီးပြင်းပြီး မှိုင်းပေါင်းစုံအောက်မှာ ဖန်တီးမှုပျောက်ရမဲ့ သူတွေမဟုတ်ပါဘူး။
ကလေးတွေဟာ ကလေးတွေပဲဖြစ်ကြပါတယ်။
ကလေးတွေဟာ ကလေးတွေပဲဖြစ်ရပါမယ်။
ကလေးဘ၀ဆိုတဲ့ခဏဟာ တိုတောင်းလွန်းလှပါတယ်။ ကိုယ်ဖြတ်သန်းခဲ့တဲ့ကလေးဘ၀ဟာ လှ ချင်လှမယ်။ အရုပ်ဆိုးချင် ဆိုးမယ်။ လွတ်လပ်ချင်လွတ်လပ်မယ်။ ဖိစီးချုပ်နှောင်မှုတွေအောက်မှာ ဖြစ်ချင် ဖြစ်မယ်။ ဒါပေမဲ့ ကိုယ်နဲ့ဆက်စပ်ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့ ကလေးတွေရဲ့ဘ၀ကို လွတ်လပ်လှပစေဖို့ တာဝန်ရှိပါတယ်။
(9)
လွတ်လပ်မှပွင့်လင်းတယ်။ ပွင့်လင်းမှရှင်သန်။ ရှင်သန်မှ ထက်မြက်တယ်။ ထက်မြက်မှတိုးတက် တယ်။ တိုးတက်စေချင်ပါတယ်။
ရာဇ၀င်ခေတ်အဆက်ဆက်က ထိပ်မှာနေခဲ့တာတွေကို ပြန်လွမ်းနေဖို့ထက် ကိုယ့်လက်ထက်၊ ကိုယ့်ခေတ်ထက် ကိုယ့်သားသမီးလက်ထက် သူတို့ခေတ်၊ ကိုယ့်မြေးလက်ထက်စသဖြင့် အဆက်ဆက်တိုး တက်စေချင်တာအမှန်ပါပဲ။ အပူအပင်ဖိစီးမှုကင်းစွာကြီးပြင်းခဲ့ရတဲ့ ငယ်ဘ၀တွေဟာ တကယ်လည်း လွမ်း စရာကောင်းပါတယ်။
ခေတ်တွေစနစ်တွေ ပြောင်းချင်ပြောင်းမယ်။ လူနေမှုပုံစံတွေ ပြောင်းချင်ပြောင်းမယ်။ တစ်သက်တာ မှာ တစ်ခဏလေး အေးငြိမ်းချမ်းသာဖိစီးမှုကင်းစွာနဲ့လွတ်လပ်တဲ့ကလေးတွေရဲ့ အချိန်ကလေးတွေကိုတော့ ပုံစံမပြောင်းစေချင်ပါ။ အရောင်တွေလည်း အမျိုးမျိုးအဆိုးမခံရစေချင်ပါ။
အခုတော့ ဆရာရယ် …။
သီချင်းစာသားကလေး ပြောင်းရေးပေးပါလား … ။ ။
No comments:
Post a Comment