|
|
|
|
(၁)
အသက်ကြီးလာတော့ ဘုဂလန့်တွေ
တွေးလာတယ်ပြောရဲ့။ ဂွကျကျ စကားတွေပဲ ထွက်ထွက်လာတယ်ဆိုရဲ့။ ရွတ်တွတ်တွတ်တွေပဲ
ရေးရေးနေတယ် ဝေဖန်ရဲ့။
အဲဒါတွေအားလုံးက အမှန်တွေချည်းပါပဲ။ အဲဒီရလဒ်တွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းတရားတွေကလည်း နောက်ကွယ်မှာရှိတာ အသေအချာ။ တစ်သက်လုံး အောင့်အည်း သည်းခံနေလာရတာကြာတော့ သေခါနီးမှာ ပြောချင်တာလေး ပြော၊ လုပ်ချင်တာလေး လုပ်၊ ရေးချင်တာလေး ရေးမိသပေါ့ဗျာ။
(၂)
ရေးချင်စိတ်ပေါ်လာပေမယ့်
ဘာရေးရမှန်းမသိတာက အင်မတန် ကြီးမားတဲ့ ပြဿနာ။ ကံအားလျော်စွာပဲ ကယ်တင်ရှင်က
ပေါ်လာတယ်။ ကလင်ကလင် ဖုန်းသံ။ အချိန်မတော်လာတဲ့ဖုန်းဆိုတော့ တစ်ခုခုပဲ
အောက်မေ့ပြီး ကိုင်လိုက်တဲ့ခဏမှာ နယ်ကညီမရဲ့အသံကို ကြားရတယ်။
''ကိုငယ်ရေ ကြီးကြီးဒေါ်ရွှေကြိုင် ဆုံးသွားပြီ။ ခုနက ဖုန်းလာလို့ သန်ဘက်ခါ သင်္ဂြိုလ်မယ်တဲ့။
(၃)
ဒေါ်ရွှေကြိုင်၊ ဒေါ်ရွှေလှိုင်၊
ဒေါ်ရွှေမြိုင်ဆိုတာ အဖေ့ရဲ့အစ်မတွေ။ အားလုံးက ရွှေကုန်သည်တွေ။ ဈေးထဲမှာ
ရွှေဆိုင်ဖွင့်သဗျာ။ ရွှေရောင်းတယ်။ အပ်ထည်လက်ခံတယ်။ ရွှေ၊ ငွေ ရတနာ အပေါင်ခံတယ်။
ငွေတိုးပေးတယ်။ ဒါသူတို့ရဲ့ အဓိကစီးပွားရေး။ ငယ်ငယ်တုန်းကတည်းက စကား ခပ်များများကောင်ဆိုတော့
ကြီးတော်များက ချစ်ကြသဗျာ။ အခုလို စကားများခြင်းမျိုးမဟုတ်ဘဲ
ချစ်ခင်နှစ်သက်ဖွယ်ရာ ပီယ၀ါစာလေးတွေလည်း ဆိုတတ်တာကိုး။ ဒါတောင်မှ
တစ်ခါတစ်ခါမှာ ဂွတီးဂွကျတွေ တွေး၊ မေး၊ ပြောတတ်တာက ရှိသေးရဲ့။
(၄)
အဲဒီဂွတီးဂွကျတွေထဲက
မှတ်မှတ်ရရတစ်ခု ရှိပါတယ်။ ကိုယ့်ဘက်ကလည်း မှတ်မှတ်ရရ၊ ကြီးတော်များဘက်ကလည်း
မှတ်မှတ်ရရပေါ့ဗျာ။
အဲဒီနေ့က ကျောင်းပိတ်တော့ ဈေးထဲသွားတယ်။ ကြီးတော်တွေရဲ့ ရွှေဆိုင်မှာထိုင်တယ်။ မုန့်စားတယ်။ သူတို့စာရင်းတွေကူပြီးပေါင်းပေးတယ်။ စစ်ပေးတယ်။ အဲဒီအတွက်မုန့်ဖိုးပေး ရတယ်။ လျှပ်စစ်ဂဏန်းပေါင်းစက်တွေ မပေါ်သေးတဲ့ခေတ်ဗျာ။ အစိုးရရုံးတွေမှာတောင်မှ ဂဏန်းပေါင်းစက်ကြီးကို နှိပ်လိုက် လက်ယာရစ် လှည့်လိုက်၊ လက်ဝဲရစ် လှည့်လိုက်နဲ့ လုပ်ရတာ။ အဲဒီတော့ကာ တူတော်မောင် လူရည်ချွန်လေးလာတဲ့ခဏမှာ ကောင်းကောင်း အသုံးချပါရော။ စစ်စမ်းဟဲ့ အကြွေးစရင်း၊ ပေါင်းစမ်းဟဲ့ အရောင်းစာရင်း၊ နှုတ်စမ်းဟဲ့ အ၀ယ်စာရင်းပေါ့ဗျာ။ ပြေစာတွေနဲ့ လယ်ဂျာစာအုပ်နဲ့ တိုက်ဆိုင်စစ်ဆေးရတာလည်း ပါသေးသဗျ။
(၅)
အဲဒီနေ့ကဗျာ ဖြစ်ချင်တော့ ခါတိုင်းလို ခိုင်းတာလုပ်၊ ကျွေးတာစား၊ ပေးတဲ့မုန့်ဖိုး ယူဆိုပြီးပြီ။ ကိုယ်ကိုယ်၌ကိုယ်က ရှည်တာပါဗျာ။ ပြေစာတွေ ကြည့်ပြီး အမေးအမြန်းထူမိတယ်။ ''ကြီးကြီးပြေစာမှာပါတဲ့ အလျော့တွက်တွေက များလှချည်လားဗျ''
''လူကလေးရဲ့ လက်ဝတ်လက်စား
လုပ်တယ်ဆိုတာ အင်မတန်မှ အနုစိတ်ပြီး လက်ဝင်တာကွဲ့။ ထုရင်း နှက်ရင်း ဆစ်ရင်း
ပိုင်းရင်း ဖြတ်ရင်း တောက်ရင်း ပုံဖော်ရင်းနဲ့ ရွှေမှုန်လေးတွေ လေလွင့်တတ်သကွဲ့။
အဲဒါအတွက်ပါ တွက်ထားရတာပေါ့'
''အဲဒီရွှေမှုန်တွေလွင့်တာ
ပန်းတိမ်ဖိုထဲမှာပဲ မဟုတ်ဘူးလား။ ကြီးကြီးတို့ပြောတော့ ပန်းတိမ်ဖိုနေရာဟောင်းကို
မှိုက်ထုတ်ရင်တောင်မှ ရတဲ့ရွှေက အများကြီးဆို''
''အဲဒါ ပန်းတိမ်ဆရာရဲ့ အိမ်လကွယ်။ ကိုယ်ကဘာရမှာလဲ။ နောက်ပြီး အလျော့တွက်ဆိုတာက ပန်းတိမ်ဆရာအတွက် ဆောင်းရတာကွဲ့။ ရွှေတစ်တုံး တစ်ကျပ်သားပေးပြီး တစ်ကျပ်သား ဆွဲကြိုးလုပ်လို့ မရဘူး။ အလျော့တွက်ယူတာ သိပ်များရင် အဲဒီ ပန်းတိမ်ဆရာကို မအပ်ကြတော့ဘူး။ သင့်တင့်တဲ့ ပမာဏတစ်ခုပဲ လက်ခံကြတာ'' ''ဒါနဲ့ ပန်းတိမ်မတတ်ခင် ရွှေခိုးသင်ဆိုတာကရော ကြီးကြီး''
''တယ် ဒီကောင်လေးတော မေးတောင်မေးနဲ့၊
ပန်းတိမ်ကောင်းကောင်း တတ်သွားရင် ရွှေခိုးသင်စရာ မလိုဘူး။ အလျော့တွက်
သက်သက်သာသာနဲ့ လက်ရာကောင်းကောင်း ထွက်သဟဲ့။ တော် တော်''
ဒါနဲ့ အဲဒီနေ့က မုန့်လည်းငတ်ခဲ့သဗျာ။ မုန့်ဖိုးတော့ ဝေးပေါ့။
(၆)
တစ်ရက်မှာ တက္ကသိုလ်တစ်ခု မှာ ပါမောက္ခချုပ်ဖြစ်နေတဲ့ သူငယ် ချင်းနဲ့တွေ့တယ်။ အသက်မွေးဝမ်း ကျောင်းပညာရပ်တစ်ခုကို အတူ သင်၊ အတူဘွဲ့ရခဲ့တဲ့သူငယ်ချင်း။ သူ့မူလ ရည်ရွယ်ရာ ဘ၀လမ်းကြောင်းကို မတိမ်းမစောင်း လျောက်ရင်း နိုင်ငံခြား ပညာတော်သင် အရွေးခံ ရ၊ မ ဟာဘွဲ့ရ၊ မဟာဘွဲ့ရတဲ့ တိုင်းပြည်က တက္ကသိုလ်ကြီးမှာပဲ ပါရဂူဘွဲ့ရခဲ့သူ။ ပညာထူးချွန်ပြီး စိတ်သဘောထား မှန်ကန်ဖြောင့်မတ်သူ။ သူငယ်ချင်းတွေ တွေ့ကြတော့ မြကျွန်းသာအရိပ်လေးတွေ ပြန်ဆွဲ၊ တက္ကသီလာတေးတွေ ပြန်ဆိုနဲ့ ငယ်ဘ၀ကို ခဏအလည်သွားကြတယ်။ အတိတ်က အရိပ်အရောင်တွေ လွင့်တဲ့ခဏမှာ ပစ္စုပ္ပန်ကို ပြန်ရောက်ပါရော။ ''ပါချုပ်ကြီး သူငယ်ချင်းရဲ့ တက္ကသိုလ်နဲ့ အခြေအနေ ကြုံတုန်းလေး ဗျူးပါရစေ'' ''ကိုယ်တို့လုပ်နေရတဲ့ အခြေအနေ၊ အခက်အခဲတွေကတော့ အများကြီးပေါ့ သူငယ်ချင်းရာ။ အဲဒါတွေထားပြီး သူငယ်ချင်းစိတ်ဝင်စားမယ့် ကျောင်းသားတွေအကြာင်းပဲ ပြောပါ့မယ်။ အခု ကျောင်းသားတွေ တွေ့တွေ့နေရတာ ကိုယ်တို့တုန်းကနဲ့ ကွာသွားတာအမှန်ပဲ။ အားလုံး မဟုတ်ပေ မယ့် မနည်းတာတော့အမှန်''
''ဆိုပါဦး''
''ကိုယ်တို့တုန်းက ကျောင်းပြီးလို့ အလုပ်ဝင်ရင် တာဝန်ကျတဲ့နေရာသွားမယ်။ ကိုယ့်အလုပ်ကို ကိုယ်တာဝန်ကျေအောင် လုပ်မယ်''
''အခုရော''
''အခုတွေ့နေရတာကတော့ကွာ နောက်ဆုံးနှစ်မပြောနဲ့ ကျောင်းရောက်ခါစ သစ်လွင်တွေကလည်း ဘယ်နေရာက ကောင်းတယ်။ ဘယ်မြို့ဆို အဆင်ပြေတယ်။ ဘယ်ဂိတ်မှာကျရင် အိုကေ။ ဘယ်လူကြီးက ကျပ်တယ်။ ဘယ်ပုဂ္ဂိုလ်ကြီးမှာ သမီးအပျို ဘယ်နှစ်ယောက်ရှိတယ်။ ယောက္ခမတော်ဖို့ ကြိုးစားရမယ် ဘာညာနဲ့ကွာ'' ''အဲဒီတော့ သူငယ်ချင်းပြောချင် တာက'' ''ကိုယ်ကျိုးစီးပွားကို လွန်လွန်ကျူးကျူး ရှေ့တန်းတင်လာကြသလားလို့ပါကွာ။ အလုပ်မလုပ်ရသေးဘူး။ ရရာရကြောင်းတွေ၊ ခွင်တွေမြင်နေတတ်ကြပြီ။ နောက်ပြီး စာဖတ်တဲ့ကိစ္စကွာ'' ''ကျောင်းစာလား'' ''ကျောင်းစာပြောမလားကွာ။ အပြင်စာပေါ့။ ကိုယ်တို့တက္ကသိုလ်ကြီးတစ်ခုလုံးမှ စာကြည့်တိုက်အတွက် ရတဲ့ရန်ပုံငွေက ဂဏန်းသေးသေးလေး ငါးလုံးရယ်၊ ဘာဝယ်နိုင်မှာလဲ။ ကိုယ်တို့ခေတ်တုန်းကလည်း ထူးမခြားနားရှိခဲ့မှာပါ။ ဒါပေမဲ့ သူငယ်ချင်းတို့ ဦးဆောင်ပြီး အဆောင်စာကြည့် တိုက်ဖွင့်တယ်။ ပိုက်ဆံစုထည့် ကြတယ်။ ငှားခယူတယ်။ အပြင်ထက် အများကြီးသက်သာတဲ့ ငှားခနဲ့အပြင် စာအုပ်တွေထဲက ကောင်းနိုးရာရာလေးတွေ ဖတ်နိုင်ခဲ့တယ်'' ''သူငယ်ချင်းတပည့်တွေကို ပြောမပြဘူးလား'' ''အောင်မယ်လေးကွာ။ ပြောပေါင်းများလို့ ရိုးနေပါပြီတောင် ဖြစ်ပေါ့။ သူတို့က ကျောင်းစာတောင် မနည်း ဖတ်နေရတာတဲ့။ ဒါပေမဲ့ အားတဲ့အချိန်ကျတော့ ဂိမ်းဆော့ကြသဗျာ။ ဘောလုံးပွဲကြည့်သဗျာ၊ ဘောလုံးပွဲ လောင်းသဗျာ။ ဒီလိုနဲ့ ဘွဲ့မရဘဲ ကျောင်းထွက်သွားရတဲ့သူတွေ ရှိတယ်။
သူငယ်ချင်း ပါချုပ်ခမျာ သစ်ခေါင်းထဲ
သွားသွားအော်နေရတာ။ အခုမှ လူအစစ်ကို အရှင်လတ်လတ်ပြောရတော့တယ်ဆိုပြီး ပြောသဗျ။
ကိုယ့်မလည်း နားထောင်ရတာကများ၊ ကြားရတာက မသက်သာနဲ့ပေါ့ဗျ။
(၇)
''သူငယ်ချင်းလည်း ကြားရတာ သက်သာမှမဟုတ်ဘူး။ ကိုယ်လည်း ပြောရမှာစိတ်ထဲမှာ မကောင်းဘူး။ တစ်မျိုးကြီးကွာ။ ဆိုးပါတယ်'' မသက်မသာနဲ့ ပြောလာတာ သူငယ်ချင်းသူဌေးကြီးတစ်ဦး။ သူဘယ်လောက်ချမ်းသာမှန်း သူ့ကိုယ်ကိုသူတောင်မှ မသိရလောက်အောင် ချမ်းသာသူ။ သူ့ရဲ့များပြားလှစွာသော စီးပွားရေးလုပ်ငန်းကြီးတွေထဲက တစ်ခုဖြစ်တဲ့ လျှပ်စစ်ပစ္စည်းတွေ တင်သွင်းဖြန့်ဖြူးတဲ့လုပ်ငန်းအကြောင်း ပြောပြနေတာ။
''အဲဒီချာတိတ်ကွာ၊
ကိုယ့်သမီးထက်တောင် ငယ်ပါဦးမယ်။ အသက်မှ နှစ်ဆယ်စွန်းရုံ ရှိသေးတယ်။
အလုပ်ဝင်တာမှနှစ်လ။ အလွဲသုံးစားလုပ်သွားတာ သိန်းနှစ်ရာ''
''ဟာများလှချေလား။ သူငယ်ချင်းတို့က
ဘာမှစစ်တာဆေးတာ ထပ်ဆင့်စစ်ဆေးတာမလုပ်ဘူးလား''
''လုပ်တာပေါ့ကွာ။ ကိုယ်စားလှယ်တွေဆီ နေ့စဉ် ငွေသိမ်းသွားရင် မှတ်ပုံတင်စာအုပ်ပါတယ်။ ကိုယ်စားလက်မှတ်၊ ငွေသိမ်းသူလက်မှတ်ထိုးပြီး ငွေလက်ခံတယ်။ အဲဒီနေ့စဉ်ငွေ အ၀င်တွေကို ရုံးမှာစာရင်းနဲ့ အပ်ရတယ်။ အဲဒါကို စာရင်းဖျောက်တယ်။ စာရင်းလိမ်တယ်။ ကုမ္ပဏီစစ်ဆေး ရေး ပုံမှန်ဝင်စစ်ရာကနေ ပေါ်တယ်။ ပေါ်တော့ အရေးယူဖို့ ဖြစ်လာတာပေါ့ကွာ''
''အဲဒီတော့''
''အရေးမယူချင်ဘူး။ တစ်ပတ်အတွင်း ငွေပြန်အပ်ပါ။ ဒါမှမဟုတ်ရင် တရားစွဲမယ်ပေါ့။ အဲဒီတော့ ငွေလည်း ပြန်မအပ်နိုင်ဘူး။ စပြီးအလုပ်ဝင်ကတည်းက ဒီလခလေးမက်လို့ လာလုပ်တာမဟုတ်ဘူး။ တရားစွဲချင်ရင် တရားစွဲ၊ ဖမ်းချုပ်ချင်ရင်လည်း ဖမ်းချုပ် ကြိုက်တာလုပ်ပါတဲ့''
(၈)
''တရားစွဲ ဖမ်းချုပ်သာပြောတာ ခုခေတ်မယ် ထောင်တို့ တန်းတို့ဆိုတာ ကြောက်ရမှန်းကော သိသေးရဲ့လား မပြောတတ်ပါဘူးဗျာ။ သက္ကရာဇ် ၂၀၀၀ စွန်းစွန်းကပေါ့၊ ကျွန်တော်တို့ကုမ္ပဏီဆိုင်က မိန်းကလေးတစ်ယောက် သိန်းနှစ်ရာ့ငါးဆယ် အလွဲသုံးစား လုပ်သွားတာဗျာ။ ဘာပိုက် ဆံ တစ်ပြားတစ်ချပ်မှ ပြန်မရဘူး။
ကျုပ်တို့မှာ တရားရုံးးစရိတ်၊
ရှေ့နေစရိတ်၊ ခရီးစရိတ်၊ သက်သေစရိတ် စရိတ်ပေါင်းများစွာထပ်ပြီး အဆစ်ပါသွားတယ်။
မရွှေစာကတော့ အေးအေးဆေးဆေးပဲ၊ ရှေ့နေတောင် မငှားဘူး။ အမှုပြီးတော့ ထောင်ကျသွားတယ်။
ချုပ်ရက်နဲ့ ဘာနဲ့ညာနဲ့ဗျာ။ ခဏနဲ့ လွတ်လာတာပါပဲ။''တခြားသော ထုတ်လုပ်ဖြန့်ဖြူးသူ
လုပ်ငန်းရှင်မိတ်ဆွေတစ်ယောက်ရဲ့ ရင်ဖွင့်သံ။
(၉)
စစ်တုရင်ကစားတာ ဉာဏ်ရည်ကို ထက်မြက်စေတယ်။ စာပေသင်ကြားမှုမှာ အထောက်အကူဖြစ်စေတယ်။ ကောင်းကျိုးတွေ အများကြီး ပေးတယ်။ ကျောင်းသားလူငယ်လေးတွေကြားမှာ စစ်တုရင်ကစားနည်း တိုးတက်ပွားများထွန်းကားအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကြိုးစားလုပ်ဆောင်နေကြပါတယ်။ လူငယ် စစ်တုရင်ပြိုင်ပွဲတစ်ခုမှာပါ။ သက်ငယ်တန်းထဲမှာ ကြုံရတဲ့ အဖြစ်အပျက်လေးတစ်ခုကို မိတ်ဆွေတစ်ယောက်က ပြောပြတယ်။
''ချာတိတ်တွေဗျာ။ မူလတန်း
အဆင့်လောက် ရှိဦးမှာပါ။ နိုင်ရင်ဆုရမယ့် ချာတိတ်က တစ်ဖက်ကချာတိတ်ကို
ညှိခိုင်းတယ်ဗျာ။ သားလက်ဖက်ရည်တိုက်ပါ့မယ်။ မုန့်ကျွေးပါ့မယ်။
အဲဒီကောင်ကိုသားကို အရှုံးပေးဖို့ ပြောပေးပါဘာညာနဲ့ဗျာ''
''ဒါနဲ့ ခင်ဗျားက လုပ်ပေးလိုက်ရောလား'' ''လုပ်ပေးစရာလားဗျာ။ မင်းဖာသာမင်း ကြိုးစားပြီး နိုင်အောင်ကစား။ ဒါမျိုးနောက်လာမလုပ်နဲ့။ ပြိုင်ပွဲက အထုတ်ခံရမယ်။ ပြီးခဲ့တဲ့ အင်ဒိုနီးရှားဆီးဂိမ်းမှာတောင် ဗီယက်နမ်စစ်တုရင်သမားတစ်ယောက် ဒီလိုမျိုးမကစားခင် သွားလုပ်လို့ အရေးယူ အပြစ်ပေးခံလိုက် ရတယ်ဆိုတာ ပြောပြလိုက်တယ်''
(၁၀)
ပြောပြလာကြသမျှ ကြားရတာ
တွေရေးပြရရင် မနည်းမနောဗျာ။ ကိုယ့်အလုပ်ကိုကိုယ် ကောင်းကောင်း မလုပ်ကြတာ။
ကိုယ့်နယ်ပယ်မှာ ကိုယ် ပိုမိုကျွမ်းကျင်အောင်တိုးတက်အောင် မကြိုးစားချင်ကြတာ။
လူကြီးနာမည်ရောင်းစားပြီး စီးပွားရှာကြတာ။ လူကြီးပြပြီး တွေ့ခွင့်ရဖို့လုပ်
ပေးရင် ဘာ၊ စာတင်ပေးရင် ညာ၊ ခွင့်ပြုချက်ရရင် အ၀ှာစသဖြင့် လုပ်စားကြတာစသဖြင့်
ပြောပြကြတယ်။ စကားဝိုင်းတွေရဲ့ ထုံးစံအတိုင်း ခေါင်းစဉ်တစ်ခုခုစလိုက်ရင်
အထင်တွေ၊ အမြင်တွေ ပြောကြတယ်။ ကိုယ်ကတော့ နားထောင်ကြားနာမှတ်သားပေါ့ဗျာ။
(၁၁)
ကြားနာမှတ်သားတွေ့မြင်ရတာ တွေများလာတော့ စဉ်းစားကြည့်တယ်။ အဲဒါတွေ တကယ်ဖြစ်နေတာလား။ အဲဒါမျိုးတွေ တကယ်များ နေပြီလား။ ဒီကိစ္စမျိုးတွေ ဘာကြောင့်ဖြစ်လာရတာလဲ။ ဒီအကျိုးကို ဖြစ်စေတဲ့အကြောင်းတွေက ဘာလဲပေါ့ဗျာ။ နောက်ပြီး ဒီအကျိုးကလည်း နောက်ထပ်ဖြစ်လာမယ့် ရလဒ်တစ်ခုအတွက် အကြောင်းတရား ပြန်ဖြစ်ဦးမှာ။ ဒီလိုမျိုးအကြောင်းတရားမှာ အရင်းခံပြီးရလာမယ့် အကျိုးတရားကလည်း ကောင်းစရာတော့ သိပ်ရှိလှမှာ မဟုတ်ဘူး။ တွေးရင်း တွေးရင်းနဲ့ ခေါင်းတွေ မူးနောက်လာတယ်။ ကြီးတော်ကြီး အသေစောသွားတယ်။ နို့မို့ရင် ''ကြီးကြီးရေ ပန်းတိမ်မှမသင်ရသေးဘူး။ ရွှေခိုးတာတော့ တတ်နေကြသဗျာ''ဆိုပြီး စောဒကတက်လို့ရသဗျာ။ ဒီတစ်ခါဆိုရင်တော့ ခေါင်းများ အခေါက်ခံရမလားပဲ။ ။ |
Friday, 8 June 2012
ပန်းတိမ်မသင်ခင် ရွှေခိုးတတ်နေကြသူများ
လူငယ်လေးတွေ တော်ကြပါပေတယ်
လူငယ်လေးတွေ တော်ကြပါပေတယ်
(၁)
လူငယ်နဲ့
လူကြီးတွေရဲ့ကြားမှာ ကွာဟာမှုဆိုတာ အစဉ်အဆက် ရှိခဲ့ကြတာ။ ခေတ်တိုင်း
ခေတ်တိုင်းလိုလိုမှာ လူငယ်တွေရဲ့ ပြောဆိုပြုမူနေ ထိုင်လုပ်ကိုင်ကြတာတွေကို
သဘောမတွေ့ကြတဲ့ လူကြီးတွေ ရှိတတ်ကြ ပါတယ်။သဘောမတွေ့တဲ့အလျောက်
ဗြစ်တောက်ဗြစ်တောက် လုပ်ကြတာတွေလည်း ရှိပါတယ်။ မောင်စံပေါတို့ ငယ်ငယ်တုန်းကလည်း ၀တ်စားဆင်ယင်ပုံတွေကို လူကြီးတွေ
တွေ့ကြပြောကြ ဝေဖန်ကြတာပါပဲ။ မောင်စံပေါကိုယ်တိုင်
တောင် အထက်တန်းကျောင်းသား ဘ၀အထိ တိုနန့်နန့် ဆံပင်နဲ့နေခဲ့ရတာ၊ တက္ကသိုလ်ရောက်မှ ဆံပင်ရှည် ထားခွင့်ရခဲ့တာ။
(၂)
အခု
အသက်ကလေးရလာချိန်မှာ ပတ်ဝန်းကျင်တွေကလည်း ကွာခြားလာတယ်။ ဒီခေတ် လူငယ်လေးတွေလည်း ဟိုခေတ်
လူငယ်တွေလိုပါပဲ။ ခေတ်အလိုက် သူတို့အကြိုက် ၀တ်စား နေထိုင်ကြတယ်။
နိုင်ငံရပ်ခြားနဲ့ ကူးလူးဆက်ဆံမှုတွေကလည်း
များလာတော့ နိုင်ငံခြား ယဉ်ကျေးမှု ထိုးဖောက်စိမ့်ဝင်လာမှုတွေလည်း ရှိလာတာပေါ့။ မကြာမတင်ကာလက ကျော် ဖြတ်ခဲ့ကြတဲ့ ဖေဖော်ဝါရီလ
၁၄ ရက်နဲ့ပတ်သက်ပြီး ရေးကြပြုကြ ပြောကြတာတွေ
တော်တော်များခဲ့ပါတယ်။ မီဒီယာတွေလည်း တော်တော်များများ တွေ့မြင်ရပါတယ်။
(၃)
ပြောကြတဲ့အထဲမှာ
ဒီနေ့ခေတ် လူငယ်တွေ အသုံးမကျဘူး။ ဖေဖော်ဝါရီရောက်တာနဲ့ ၁၄ ရက်ပဲ သတိရကြတယ်။ ၁၃ ရက်ကို
ခေါင်းထဲမှာ မရှိကြဘူး။ ဘာညာနဲ့ တော်တော်ကြီးကို ကြီးကြီးကျယ်ကျယ် ပြောကြတဲ့
သူတွေလိုလည်း တွေ့ရတယ်။ ၀မ်းနည်းပါတယ်။ လုံးဝ
ဆန့်ကျင်ပါတယ်။လူငယ်တွေအကြောင်း ပြောမယ်ဆိုရင် လူကြီးတွေကိုယ့် ကိုယ်ကိုလည်း ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ ခင်ဗျားတို့ကရော
လူငယ်တွေကို ဘာတွေ လမ်းပြခဲ့ကြသလဲ။ ဘာစိတ်ဓာတ်တွေ
သွင်းပေးနေသလဲ။ ဘာတွေ မြင်အောင်ပြပြီး ဘာတွေ အားကျအောင် လုပ်ခဲ့သလဲ။ အများကြီးပါ
ပြန်ပြီး မေးခွန်းထုတ်ကြည့်ကြပါ။
(၄)
မောင်စံပေါတို့
တက္ကသိုလ် ကျောင်းသားဘ၀တုန်းကဆို တက္ကသိုလ်မြေကို ခြေချခွင့်ရတာနဲ့ စိတ်ဓာတ်က
အလိုလို တက်ကြွလာတယ်။ ငါတို့ တက္ကသိုလ် ကျောင်းတော်သားကြီး
ဖြစ်ခဲ့ပြီ။ သမိုင်းရဲ့ အစဉ်အလာ ကောင်းတွေ ပြည့်နှက်နေရာ
မြသီလာမှာ ခြေချ ပညာသင်ခွင့်ရခဲ့ပြီ။ နိုင်ငံအနှံ့က ရောက်လာကြတဲ့
သူငယ်ချင်းများနဲ့ တွေ့ဆုံသိကျွမ်း
ခင်မင်ခွင့်ရကြပြီ။ ဆင်းရဲချမ်းသာ အထက်လွှာ အောက်လွှာ ရောက်လာသမျှ သားသမီးတွေဟာ
အမိတက္ကသိုလ်ရဲ့ ရင်ခွင်မှာ ပျော်ရွှင်စွာ ညီမျှစွာနဲ့
အသိပညာ၊ အတတ်ပညာတွေ သာမက ဘ၀ပညာ လူမှုပညာတွေ ပါရခဲ့ကြတယ်။မောင်စံပေါဆို ပအို့သူငယ်ချင်းက အခန်းဖော်၊ အခန်းချင်း ကပ်လျက်က ရခိုင်၊ မြိတ်ထားဝယ်သား သူငယ်ချင်းတွေရှိသလို ရှမ်း၊ ကချင်၊ ချင်းတွေလည်း ပါရဲ့။ တိုင်းရင်းသားလူမျိုး စုံဒေသစုံက သူငယ်ချင်းတွေရှိခဲ့တယ်။ ကျန်တဲ့တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေလည်း အလားတူပါပဲ။ ကျောင်းပိတ်ရက်တွေမှာ သူ့ဆီကိုယ်လိုက်လည်၊ ကိုယ့်ဆီသူလိုက်လည်၊ သူ့နှမကိုယ်ပိုး၊ ကိုယ့်အစ်မ သူယူစသဖြင့် ကြည်ကြည်ဖြူဖြူနဲ့ ရွှေလမ်းငွေလမ်းတွေ ဖောက်ခဲ့ကြရဲ့။ ဒေသန္တရ ဗဟုသုတရသလို တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးခဲ့ကြတယ်။ ချစ်သူတွေဖြစ်ကြပြီး အိမ်ထောင်ရက်သား ကျသွားကြသူတွေလည်း တစ်ပုံတစ်ပင်ဗျာ။
(၅)
အခု
လူငယ်လေးတွေလား။ လှုပ်လီလှုပ်လဲ့ အင်တာနက်ကျေးဇူးရဲ့ နိုင်ငံအစွန်းအဖျားက
သူတွေနဲ့တောင်မှ သိကျွမ်းကြတယ်။ ခင်မင်ကြတယ်ဆိုတာ ကြားမိတယ်။ အိုးမကွာ
အိမ်မကွာနဲ့ ကျောင်းတွေ အဆင့်ဆင့်တက်ပြီး တက္ကသိုလ်ရောက်ဘွဲ့ရ
အိမ်ထောင်ကျ ဘ၀ခရီးနှင်ကြတယ်။
(၆)
မြန်မာပြည်က
လူငယ်တွေမှာ စိတ်ကောင်း စေတနာမွန် အများကြီးရှိတယ်။ မောင်စံပေါ လုံးဝယုံကြည်တယ်။ လုပ်နိုင်ကိုင်နိုင်တဲ့
အစွမ်းသတ္တိတွေ အများကြီးရှိတယ်။ ဒါလည်း သေချာတယ်။ မျက်စိရှေ့မှာ တင်မြင်ခဲ့ဖူးတာ
အများကြီး။နာဂစ်အပြီးမှာ လှုပ်ရှားခဲ့ကြတဲ့ လူငယ်တွေ၊ တက်ကြွစွာနဲ့ စွမ်းသမျှ လုပ်ဆောင်ခဲ့ကြတာ ကူညီလုပ်ကိုင်ခဲ့ကြတာ အင်မတန်လှတဲ့ ပန်ချီကားပေါင်းများစွာ။ ဒါနမူနာ တစ်ခုပြောတာ။ကြားဖူးတာ တစ်ခုရှိတယ်။ ''လူဆိုတာ ကြီးလေလေ ကြောက်လေလေတဲ့''။ ဟုတ်တယ်ထင်ပါရဲ့။ ကိုယ်ကိုယ်တိုင်လည်းကြာတော့ ကိုယ့်ဘာသာကိုယ် ရွံ့လာတယ်။ အားမလို အားမရ ဖြစ်လာတယ်။ သေခါနီးလေလေ အတ္တကြီးလေလေ၊ ဘာမဟုတ်တဲ့ ပိုင်ဆိုင်မှုလေးတွေကို ပိုတွယ်တာလေလေဗျာ။
(၇)
တလောလေးကတင်
ဆေးတက္ကသိုလ်(၁)က နောက်ဆုံးနှစ် အပိုင်း(ခ) ကျောင်းသားကျောင်းသူတွေရဲ့
မွန်မြတ်လှတဲ့ လုပ်ဆောင်မှု ဒါနအလှူတစ်ခုကို အကြောင်းအားလျော်စွာ
တွေ့မြင်ကြားသိခဲ့ရတယ်။ကလေးဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူဖို့ စောင့်ဆိုင်းနေကြတဲ့ မွေးရာပါ နှလုံးရောဂါရှိတဲ့ ကလေးငယ်တွေ အများစုဟာ မိဘတွေ ငွေကြေးမတတ်နိုင်တဲ့အတွက်ကြောင့် ကလေးငယ်များစွာ သေဆုံးနေရကြောင်း၊ ပုံမှန် နှလုံးခွဲစိတ်မှုတစ်ခုဟာ မြန်မာကျပ်ငွေ ငါးသိန်းကနေ ၁၀ သိန်း အထိကုန်ကျကြောင်း၊ သြစတြေးလျက နှလုံးခွဲစိတ် ဆရာဝန်ကြီးတွေလာပြီး စေတနာနဲ့ ခွဲစိတ်ပေးမှာဖြစ်တဲ့အတွက် နှစ်သိန်း သုံးသိန်းလောက်ပဲ ကုန်ကျမယ့်အကြောင်းနဲ့ အဲဒီငွေကြေးပမာဏကိုတောင် မတတ်နိုင်ကြတဲ့ မိဘများစွာ ရှိနေကြောင်း၊ ဒါကြောင့် သူငယ်ချင်းတွေအနေနဲ့ ၀ိုင်းဝန်းထောက်ပံ့ လှူဒါန်းဖို့ စာရေးသား နှိုးဆော်တယ်။ ဆက်သွယ်စုံစမ်း လှူဒါန်းနိုင်မယ့် ကျောင်းသားလေးတွေရဲ့ နာမည်နဲ့ ဖုန်းနံပါတ်တွေ ဖော်ပြထားပြီး စုဆောင်းကောက်ခံရတဲ့ငွေတွေကို ကလေးနှလုံးအထူးကု ဆရာဝန်ကြီးကို သက်သေထားပြီး ကလေး၊ မိဘတွေကို တိုက်ရိုက် လှူဒါန်းသွားမယ်ဆိုတဲ့ အကြောင်း ရှင်းရှင်းလင်းလင်း ရေးထားတယ်။
လုပ်သင့် လုပ်ထိုက်တာတစ်ခုကို လုပ်နိုင်ပါလျက်နဲ့ မလုပ်ခဲ့ကြသူတွေ၊ မလုပ်သင့် မလုပ်ထိုက်တာ တစ်ခုကို မလုပ်ဘဲ နေနိုင်လျက်နဲ့ လုပ်ခဲ့ကြသူတွေ၊ အဲဒီလိုလူတွေရဲ့ စားမြုံ့ပြန်ဝိုင်းတွေထဲမှာ ကိုယ့်ရဲ့မျိုးဆက်တွေ လူငယ်တွေ မပါစေချင်ပါဘူး။ မပါနိုင်ဘူးလို့လည်း ယုံကြည်တယ်။
အဲဒီ ကျောင်းသားလူငယ်လေးတွေဟာ သူတို့တတ်နိုင်သမျှ မုန့်ဖိုးလေးတွေ၊ အသုံးစရိတ်လေးတွေ ချွေတာစုဆောင်းပြီးတော့ လှူကြတယ်။ ကြားသိရတယ်။ အင်မတန်မှ ပီတိဖြစ်ရတယ်။ လောလောဆယ် ရသလောက်က အားလုံးအတွက် မလောက်သေးလို့ မဲဖောက်ပြီး ပေးရ မှာဖြစ်လို့ စိတ်မကောင်းဖြစ်နေကြောင်း ပြောတဲ့ ကျောင်းသူလေးရဲ့ မျက်လုံးမှာ မျက်ရည်တွေဝဲနေတယ်။ သူတို့ရဲ့ လုပ်ရပ်ဟာ ထင်ပေါ်ဖို့လည်း မဟုတ်ဘူး။ ဘွဲ့ထူးဂုဏ်ထူးတွေ ရဖို့လည်း မမှန်းဘူး။ လူကြီးသဘောကျအောင် လှူပြနေတာလည်း မဟုတ်ဘူး။ လုံးဝအနှောင်အဖွဲ့ ကင်းတဲ့ စိတ်ရင်းစေတနာရင်းနဲ့ဗျာ။
(၈)
မောင်စံပေါတို့
ကြီးလာချိန်မှ ငယ်ငယ်တုန်းက အကြောင်းတွေ စားမြုံ့ပြန်ကြတယ်။ အဲဒီအချိန်မှာ
ကောင်းတာရော၊ မကောင်းတာရော၊ ဟုတ်တာရော၊ မဟုတ်တာရောပေါ့ဗျာ။
တချို့ကိစ္စရပ်လေးတွေအတွက် အမှတ်တရ လွမ်းတသသ
ဖြစ်ရသလို တချို့အတွက်ကျတော့လည်း စိတ်မကောင်း ဖြစ်ကြရတယ်။
လုပ်သင့်လုပ်ထိုက်တာတစ်ခုကို လုပ်နိုင်ပါလျက်နဲ့ မလုပ်ခဲ့ကြသူတွေ၊ မလုပ်သင့်
မလုပ်ထိုက်တာတစ်ခုကို မလုပ်ဘဲ နေနိုင်လျက်နဲ့
လုပ်ခဲ့ကြသူတွေ၊ အဲဒီလိုလူတွေရဲ့ စားမြုံ့ပြန် ၀ိုင်းတွေထဲမှာ ကိုယ့်ရဲ့မျိုးဆက်တွေ လူငယ်တွေ မပါစေချင်ပါဘူး။ မပါ
နိုင်ဘူးလို့လည်း ယုံကြည်တယ်။လူကြီးတွေအနေနဲ့ရော။
(၉)
လူငယ်တွေကို
နားလည်ပေးနိုင်ရပါမယ်။ ကိုယ့်ဘက်က ဖြည့်ဆည်းပေးရမှာ။ လုပ်ကိုင်ပေးရမှာတွေကိုလည်း ကြိုးစားလုပ်ဆောင်ပေးဖို့
လိုပါတယ်။အသက်ကြီးမှ သေခါနီးမှ လုပ်သင့် လုပ်ထိုက်တာတွေကို လူငယ် တွေအတွက် လုပ်နိုင်ပါလျက်နဲ့ မလုပ်ပေးဘဲနေကြဦးမှာလား။ မလုပ်သင့် မလုပ်ထိုက်တာတွေကို မလုပ်ဘဲနေနိုင်ပါလျက်နဲ့ ခေါင်းမာစွာနဲ့ လုပ်နေကြ ဦးမှာလား။ မှန်မှန်ကန်ကန် စဉ်းစားပြီး အကောင်းဆုံး လုပ်ဆောင်ခြင်းနဲ့ လူငယ်လေးတွေကို ပျိုးထောင်ပေးရင် မကောင်းဘူးလားဗျာ။ ။
မျက်နှာနှစ်ခုနဲ့လူ
တချို့ကပြောကြတယ်။ စစ်တုရင်
ကစားနည်းဟာ အတော်ရှုပ်တာတဲ့ ဟုတ်ကဲ့။ စတုရန်း ၆၄ ကွက်။ တစ်ဖက်မှာ ကစားကောင်က ၁၆
ရုပ်စီ။ အမျိုးအမည် ၆ မျိုး။ နယ် ၈ ရုပ်၊ မြင်း ၂ ရုပ်၊ ဘုန်းကြီး ၂ ရုပ်၊
မိဖုရား ၁ ရုပ်၊ မင်းကြီး ၁ ရုပ်။ အနက် ၁၆ ရုပ်၊ အဖြူ ၁၆ ရုပ်။
ကစားတတ်ဖို့က အခြေခံအနေနဲ့ အရုပ်တွေ
ရွှေ့ကွက်နဲ့ စားကွက်တွေ နားလည်ရမယ်။ ကစားတတ်ပြီ ဆိုရင် စနစ်တကျ ကစားတတ်ဖို့
လိုက်နာရမယ့် စည်းမျဉ်း၊ စည်းကမ်းတွေကို သိရမယ်။ ပြိုင်ပွဲဝင်ဖို့ အတွက်ကျတော့
ပြိုင်ပွဲစည်းကမ်းတွေ ရှိလာတယ်။
ပြောရရင် စစ်တုရင်ကစားရာမှာ
လိုက်နာရမယ့် 'စည်းကမ်း'ရယ် ကျင့်သုံးရမယ့် 'ကျင့်ဝတ်'ရယ် ဆိုတာ ရှိတယ်။ တကယ့်
အဖြစ်အပျက်တွေဟာ စိတ်ကူးယဉ်ထက် ဆန်းကြယ်တယ်လို့ ဆိုကြတယ်။ ဒီနေ့ခေတ် ကလေးတွေကို
အကြွေစေ့တွေ အကြောင်း ပြောရင် ယုံချင်မှာ မဟုတ်ဘူး။ တစ်လမှာ
လစာခြောက်ဆယ်သာသာရတဲ့ ရုံးလုလင်တစ်ယောက် ၀င်ငွေဟာ မိသားစု ရှစ်ယောက် လောက်ငတယ်။
မနက်တိုင်း ကော်ဖီကြမ်းနဲ့ ပဲပြုတ် ထမင်းကြော် စားနိုင်တယ်ဆို ပုံပြင်လို့
ထင်မှာ။ သူတို့ရဲ့ ပတ်ဝန်းကျင်နဲ့ နှိုင်းယှဉ်မှာကိုး။ သူတို့ခေတ်နဲ့ စားနိုင်
တယ်ဆို ပုံပြင်လို့ ထင်မှာ။ သူတို့ခေတ်နဲ့ ထင်ဟပ်ကြမှာကိုး။
မစင်တွင်းထဲမှာ ပေါက်ဖွား
ကြီးပြင်းလာတဲ့ သတ္တ၀ါတွေ အတွက် မွှေးရနံ့ထုံတဲ့ စန္ဒကူးတောကြီးဟာ
လက်လှမ်းမမီတဲ့နေရာ။ မတော်တဆများ စန္ဒကူးနံ့ ရခဲ့ရင်တောင်မှ 'ဘာနံ့ကြီးလဲဟ'
ဖြစ်ချင်ဖြစ်နေမှာ။ စန္ဒကူးတောဟာ
မွေ့လျော်စရာ ကောင်းတဲ့နေရာ။ စန္ဒကူးရနံ့ဟာ နှစ်လိုဖွယ်ရာရယ်လို့ ပြောလာတဲ့ မစင်တွင်းသူ၊ မစင်တွင်းသားတွေများ မတော်တဆ ပေါ်လာကြမယ် ဆိုရင်တောင် ကျန်တဲ့သူတွေက အရူးဆိုကြမှာ။
စန္ဒကူးတောသူ၊ စန္ဒကူးတောသားတွေ အတွက်
ပြောရရင် မစင်တွင်း အသံကြားတာနဲ့ မူးဝေပျို့အန်ကြမှာ။ ထူးထူးဆန်းဆန်း
ထွေထွေပြားပြား အိပ်မက်တွေ မက်တာနဲ့ ကောသလ မင်းကြီး ကြောက်လန့် ခြောက်ခြားစွာ
ဘုရားရှင်ဆီကို ပြေးပြီး လျှောက်ထားတော့တာ။ ဘုရားရှင်ရဲ့စကားကို ကြားနာရပြီးတော့မှသာ ဆောက်တည်ရာရခဲ့တာ။
အယ်လဘတ်တိုလို့ခေါ်တဲ့
စပိန်လူယ်တစ်ယောက် ရှိတယ်။ ၁၁ နှစ်သား အရွယ်မှာ စစ်တုရင်ပြိုင်ပွဲတစ်ခု
ဝင်ပြိုင်စဉ်မှာ သူတစ်သက်တာ မမေ့နိုင်စရာ အတွေ့အကြုံတစ်ခု ရခဲ့တယ်။ သူနဲ့သူ့ထက်
ငါးနှစ်လောက်ကြီးတဲ့
ပြိုင်ဘက်တစ်ယောက် ပြိုင်ပွဲ ကစားတုန်းကပေါ့။ ကစားနေရင်းနဲ့ ပွဲက ရှုပ်ထွေးတဲ့ အနေအထား ရောက်လာတယ်။ လုံးဝ အမှားမခံတဲ့ အခြေအနေ။ ပွဲကလည်း သိပ်ပြီး အရေးကြီးတဲ့ပွဲစဉ်၊ နောက်ဆုံးပွဲ၊ ထပ်ပြောရရင် သူတို့နှစ်ယောက်က အမှတ်အများဆုံး လေးယောက်ထဲက နှစ်ယောက်။ အားလုံးက ၇ မှတ်စီ ရထားကြတာ။ ပြိုင်ပွဲ ပွဲစဉ်ကို ဆွစ်စနစ်နဲ့တွဲတယ်။ တစ်ပွဲပြီးတစ်ပွဲ ပွဲစဉ်တွဲရာမှာ အမှတ်တူသူတွေကို ကစားစေတဲ့ စနစ်။ ပွဲစဉ်များလာလေ အမှတ်များသူ နဲလာလေ။ ပိရမစ်လို ဖြစ်လာတယ်။
အယ်လဘတ်တို ပြိုင်နေတဲ့ပွဲမှာ
ပြိုင်ပွဲဝင် ၁၅၀ လောက် ရှိတယ်။ ဆုကပေးမှာ ပထမ၊ ဒုတိယ၊ တတိယ ၃ ယောက်ပဲ။
ကျန်တဲ့နှစ်ယောက်က စောစောစီးစီး သရေကျသွားတယ်။ ၇ မှတ်ခွဲစီ ရသွားပြီး အယ်လဘတ်တို
တို့ပွဲရဲ့ အဖြေကို စောင့်နေကြတာပေါ့။
အိမ်သာသွားချင်စိတ် ပေါ်လာတဲ့
အယ်လဘတ်တို ဒိုင်လူကြီးကို သတင်းပို့ပြီး အိမ်သာသွားတက်တယ်။ ရွှေ့လှည့်က
သူ့ပြိုင်ဘက်ရဲ့ ရွှေ့လှည့်။ သူကိစ္စ၀ိစ္စပြီးလို့ ပြန်ရောက်ပြီး ကစားပွဲမှာလည်း
ပြန်ထိုင်ရော သူ့ပြိုင်ဘက်က နာရီကိုရပ်ပြီး လက်ကိုဆန့်ပေးတယ်။ အရှုံးပေးတယ်ပေါ့။
လက်ဆွဲ နှုတ်ဆက်မယ်ပေါ့။
အယ်လဘတ်တို အံ့အားသင့်သွားတယ်။
သူ့အစ်ကိုကြီးနဲ့မှ အသက် အတူတူလောက်ရှိမယ့် ပြိုင်ဘက်လေ။ ဘာဖြစ်ပါလိမ့်ပေါ့။
''မင်းအိမ်သာတက်နေချိန်မှာ ငါစဉ်းစားတယ်။ ဒီအကောင်ကို ရွှေ့ရင်တော့ ရှုံးတော့မယ် တွေးရင်းနဲ့ ထိကိုင်မိတယ်။ အဲဒီတော့ ဒီအကောင်ကို ရွှေ့ကိုရွှေ့ရမှာ။ အဲဒါကြောင့်ပေါ့'' တဲ့။ ဒိုင်က နှစ်ယောက်ဘဲရှိတာ။ ဘယ်သူ့မှ မြင်ခဲ့တာ မဟုတ်ဘူး။ ဘယ်မြင်မလဲ။ ဒီလောက်များတဲ့ ကစားသမားတွေကို ဒေါင့်စေ့အောင် မကြည့်နိုင်ဘူးလေ။ ပြဿနာရှိရင် ဖြေရှင်း၊ ဆုံးဖြတ်စရာရှိရင် ဆုံးဖြတ်၊ ဒီလောက်ဘဲ တတ်နိုင်တာ။ ခပ်တည်တည်နေပြီး ဆက်ကစားလည်း ရသားနဲ့ ပြောချင်တဲ့သူ ရှိမလားဘဲ။ အံ့အားသင့်မှုနဲ့ မင်သက်မိနေတဲ့ အယ်လဘတ်တို လှုပ်ရှားလာခဲ့တယ် ''ဟင့်အင်း၊ ဘာမှဖြစ်တာမှ မဟုတ်တာ၊ ပုံမှန်ဘဲ ဆက်ကစားကြတာပေါ့။ ဒီလိုမျိုးကြီးနဲ့ ကျွန်တော် အနိုင်မယူချင်ပါဘူး'' ပြိုင်ဘက်အစ်ကိုကြီး သူ့ခေါင်းကို ညင်သာစွာရမ်းတယ်။ ညာဘက်လက်ကို လေထဲဆန့်မြှောက်လိုက်တယ်။ ဒိုင်လူကြီးတစ်ယောက် ရောက်လာတယ်။ ပြိုင်ပွဲရဲ့အဖြေကို သတင်းပို့တယ်။ ရွှေ့ကွက်မှတ်တမ်းမှာ လက်မှတ်ထိုးတယ်။ ပွဲကပြီးသွားပြီ။ ရှစ်မှတ်နဲ့ အယ်လဘတ်တို ပထမရသွားတယ်။ သရေကျတဲ့နှစ်ယောက်က အမှတ်တစ်ဝက်စီလျော့ပြီး ဒုတိယနဲ့ တတိယ။ ကီလို ၅၀၀ ကျော် ခရီးဘတ်စ်ကား စီးလာပြီး အရှုံးပေးခဲ့တဲ့ အစ်ကိုကြီးတော့ လိပ်ပြာသန့်စွာ ဆုနဲ့ဝေးခဲ့တယ်။ ပထမရတဲ့ အယ်လဘတ်တို၊ ဆုယူစင်မြင့်မှာ မျက်ရည်တွေဝဲလို့။ သူ့ဘ၀ရဲ့ပထမဆုံးရတဲ့ ပထမ အတွက် ၀မ်းသာတဲ့မျက်ရည်လား။ ရှုံးသွားတဲ့ အစ်ကိုကြီးအတွက် ၀မ်းနည်းတဲ့ မျက်ရည်လား။
အယ်လဘတ်တိုလေးက အသက်ကြီးလာတော့
အယ်လဘတ်တိုကြီး ဖြစ်လာတယ်။ ဂရင်းမာစတာတော့ ဖြစ်မလာဘူး။ အပြည်ပြည်ဆိုင်ရာ
စစ်တုရင်ဒိုင်လူကြီး ဖြစ်လာတယ်။ စစ်တုရင်ပြိုင်ပွဲတွေမှာ ဒိုင်လုပ်တယ်။
အပြည်ပြည်ဆိုင်ရာ စစ်တုရင်နည်းပြ ဖြစ်လာတယ်။ ကျောင်းသားလူငယ်လေးတွေကို စစ်တုရင် သင်ပေးတယ်။ ကျောင်းသားလူငယ်ပြိုင်ပွဲ တစ်ခုမှာ ဒိုင်လုပ်ချိန်မှာပေါ့။ ဒါလဲ အိမ်သာနဲ့ ပတ်သက်မှုလေး ရှိတယ်။ အိမ်သာတက်ချင်လွန်းတဲ့ ကလေး တစ်ယောက် ကမန်းကတန်းထပြီး ဒိုင်လူကြီးကို ခွင့်တောင်းတယ်။ အိမ်သာကို ပြေးသွားခဲ့တယ်။ လမ်းမှာ ပြိုင်ပွဲကစားနေတဲ့ ကစားခုံ တစ်ခုကို ပွတ်တိုက်သွားတယ်။ အရုပ်တွေ လဲကျမသွားခဲ့ပေမယ့် နဲနဲစီ ရွေ့သွားတယ်။ အဲဒီအချိန်မှာ ရွှေ့လှည့်ကျနေတဲ့ ရွှေ့ရမယ့် ကျောင်းသားကလေးက အရုပ်ကို စနစ်တကျ သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်စီတယ်။ ရွှေ့ကာနီးမှာ စားပွဲလှုပ်သွားတယ်။ အိမ်သာပြေးတဲ့ကလေးကြောင့် အရုပ်တွေ မလဲပေမယ့် ရွေ့သွားတယ်။ အနားက ကစားခုံတွေလဲ မြင်တယ်။ ဟိုကလေးက ဆောရီးဆိုပြီး ဆက်ပြေးသွားတယ်။ အရုပ်တွေစီတယ်။ ဒါလောက်ဆို ဒီလို ရေးစရာအကြောင်း မရှိဘူး။
အကြောင်းရှိတာက ပြိုင်ဘက် ချာတိတ်။
နာရီကို ရပ်လိုက်တယ်။ ညာလက်ကို လေထဲ ဆန့်တန်းပြီး မြောက်လိုက်တယ်။ အယ်လဘတ်တို
ရောက်လာတယ်။ ''ဘာဖြစ်လဲ''
''သူအရုပ်တွေ အများကြီးကိုင်တယ်။ မြင်းကိုပထမဆုံး ထိကိုင်တာ။ အဲဒါမြင်းရွှေ့ဖို့ ပြောတာ'' ''ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်အရုပ်တွေ ပြန်ညှိတာ'' ကျောင်းသားလေးရဲ့ အဖြေ။ ဟုတ်တယ်။ အယ်လဘတ်တို မလှမ်းမကမ်းကနေ မြင်ခဲ့တယ်။ ''ဟုတ်ပြီ။ မင်းအရုပ်တွေကို မညှိခင် ညှိမယ့်အကြောင်း ပြောခဲ့လား။ ခွင့်တောင်းခဲ့လား'' ''မပြောခဲ့မိဘူး။ မတောင်းခံဘူး။'' ''သူဘာမှမပြောခဲ့ဘူး'' ရှင်းသွားပြီ။ ဘာတတ်နိုင်မှာလဲ။ စည်းမျဉ်းဥပဒေက ရှိပြီးသား။ အယ်လဘတ်တို အဆုံးအဖြတ် ပေးလိုက်တယ်။ ပထမဆုံး ထိကိုင်မိတဲ့ အကောင်ကို ရွှေ့စေ။ ဟိုချာတိတ်ကတော့ ခပ်တည်တည်ဘဲ။ ကိုင်ကောင်ရွှေ့ရမှာ ရွှေ့ပေါ့ကွ ဆိုတဲ့ မျက်နှာပေးနဲ့။ ငါဘာမှ မဟုတ်တာ မလုပ်ဘူး ဆိုတဲ့ အသွင် ဆောင်လို့။ ကျောင်းသားကလေး မျက်ရည်ဝဲသွားတယ်။ နှုတ်ခမ်းနှစ်ခုကို တင်းတင်း စေ့လိုက်တယ်။ အကောင်းဆုံး ကြိုးစားကစားခဲ့တယ်။ ရှုံးသွားခဲ့တယ်။ ရှုံးမှာပေါ့။ အကောင်းဆုံးရွှေ့ဖို့ စဉ်းစားပြီးသား အကွက်ကို မရွှေ့ခဲ့ရဘဲ မြင်းရွှေ့ခဲ့ရတာ။ အဲဒီကတည်းက နိမ့်သွားတဲ့ ကစားကွက်က ဘယ်လိုမှ ပြန်အဖတ်ဆည် မရခဲ့ဘူး။'' လုပ်ရမှာနဲ့ ပတ်သက်ပြီး အဲသလိုပြောတယ်။ မလုပ်ရမှာနဲ့ ပတ်သက်လို့ သူဒိုင်လူကြီးအနေနဲ့ အဆုံးအ ဖြတ်ပေးခဲ့တဲ့ ပွဲကို ဥပမာပေးတယ်။ ''ဟိုချာတိတ်သာ ငါ့တပည့်ဖြစ်ခဲ့ရင် ဒီလိုမျိုးအခြေအနေမှာ ဒါမျိုး အရေးဆိုတာမျိုးရှိမှာ မဟုတ်ဘူး။ ဒါမျိုးမလုပ်ရဘူး။ ၀ံပုလွေကို မကောက်ကျစ်ရဘူး''
မောင်စံပေါ ကျောင်းသားတုန်းက
စစ်တုရင်ပြိုင်ပွဲ တစ်ခုကို သတိရမိတယ်။ ရန်ကုန်တက္ကသိုလ် ကောလိပ်ပေါင်းစုံ
စစ်တုရင်ပြိုင်ပွဲမှာပါ။ ၁၉၈၀ ပြည့်နှစ် ဆိုတော့ တော်တော်ကြီး ကြာခဲ့ပါပြီ။
အဲဒီမှာ ကိုင်ကောင်ရွှေ့ ပြဿနာ ဘာညာ အကြောင်း ပြောကြရင်းက ကိုအောင်သွင် ပြောပြတဲ့
အဖြစ်ကလေးတစ်ခုကို စွဲစွဲထင်ထင် မှတ်မိနေတယ်။
''မင်းတို့ကွာ ငါပြောပြမယ်။
ဟိုတစ်နှစ် တိုင်းနဲ့ပြည်နယ် စစ်တုရင် ပြိုင်ပွဲမှာကွာ။ မင်းတို့ ခုနကပြောတဲ့
ဆရာကြီးပေါ့။ သူ့ပြိုင်ဘက်က အရုပ်ပေါ်မှာ ပုရွက်ဆိတ်တက်လို့ လေနဲ့မှုတ်လိုက်တာ
အရုပ်လဲသွားတယ်ကွာ။ အဲဒါကို အဲဒီအရုပ် ရွှေ့ရမယ် ဆိုပြီး အတင်းရွှေ့ခိုင်းပြီး
အနိုင်ယူသွားတာ။ သူတို့ အသင်းလဲ ဒိုင်းရသွားတယ်ကွ။ သူတို့အသင်းကို ပွဲတွေဘာတွေ
တခမ်းတနားနဲ့ ဂုဏ်ပြုတာ မောင်ဗမာ စက်ဘီးတောင် တစ်ယောက်တစ်စီးစီ ရသကွ''တဲ့။
ထူးဆန်းပါပေ့ ဆရာတွတ်ရယ်။
လောကကြီးမှာဗျာ။ ဒီကိစ္စမျိုး ရှိသလား။
ပညာတတ်ဆရာကြီး။ မြန်မာပြည်တွင်းသာမက နိုင်ငံခြားဘွဲ့တွေပါ ရထားတာ။ သူ့ပညာရပ်မှာ တန်းကုန်ပြီ။ ဘွဲ့ကုန်ပြီ။ ထပ်ယူစရာ ထပ်ရစရာ ဘာဘွဲ့မှမကျန်တော့ဘူး ဆိုသူ။ စစ်တုရင် နည်းပြဆရာ အယ်လဘတ်တို ကျောင်းသား လူငယ်လေးတွေကို စစ်တုရင် သင်ပေးနေရာမှ ဂန္ထ၀င်မြောက် စစ်တုရင်ပွဲတွေကို ပရိုဂျက်တာနဲ့ ထိုးပြီးပြတယ်။ ''ဒီပွဲက ၁၈၃၄ မှာ ကစားခဲ့တာ။ ဒီလာဘိုနွန်နိုင်းက မက်ဒေါ်နယ်ကို နိုင်ခဲ့တာ။ ဒါက ၁၉၁၈ မှာ ကာပါဘလင်ကာ ကမာရှယ်ကို ဒီလို အနိုင်ယူခဲ့တာ'' စသဖြင့်ပေါ့လေ။ ပွဲတွေအများကြီး တစ်ပွဲပြီးတစ်ပွဲ ပြတယ်။ ကောင်းကွက်၊ မှားကွက်တွေ သုံးသပ်ပြတယ်။ သင်ခန်းစာ အပြီးမှာ ကျောင်းသားလေးတွေနဲ့ အမေးအဖြေ လုပ်တယ်။ ''ပြောင်မြောက်လှပစွာနိုင်တဲ့ စစ်တုရင်ပွဲမှာ နိုင်သူနဲ့တွဲပြီး ရှုံးသူကိုလဲ မှတ်မိနေတတ်ကြတယ်။ မင်းတို့အနေနဲ့ နိုင်သူအဖြစ် မှတ်တမ်း တင်စေချင်သလား။ ရှုံးသူထဲမှာ စာရင်းဝင်ချင်သလား'' အားလုံးက အနိုင်ရသူဘဲ ဖြစ်ချင်ကြတယ်။ ''ညစ်ပြီး ရမယ့်အနိုင်ဆိုရင် ကောကွာ။ ဘယ့်နှယ်လဲ။ ယူကြမှာလား''။ တစ်ဆက်တည်းမှာဘဲ ဥပမာ တစ်ချို့ ပြောပြတယ်။ ''ငါမသေမချင်း စစ်တုရင်သင်တဲ့အလုပ် လုပ်နေမှာ။ ဒိုင်လူကြီးလဲ လုပ်နေမှာ။ နောင်လာမယ့် ကျောင်းသားတွေကို စစ်တုရင်အကြောင်း ပြောတဲ့အခါမှာ၊ စစ်တုရင်သင်တဲ့အခါ ဒီကောင်တွေပေါ့ကွာ ဒီလိုညစ်ပြီး အနိုင်ယူခဲ့တာပေါ့လို့ ဥပမာပေးရာမှာ မင်းတို့ နာမည်တွေ ပါမလာစေဖို့၊ ငါသင်ပေးလိုက်တဲ့ ကျောင်းသားလေးတွေကို လူညစ်လေးတွေ အနေနဲ့ ကဗ္မည်းမတင်စေဖို့ ငါဆုတောင်းတယ်။ အယ်လဘတ်တို ပြောလေ့ရှိတယ်။ ''ငါက ဒိုင်လဲလုပ်တယ်။ နည်းပြဆရာလဲ လုပ်တယ်။ ငါ့မှာမျက်နှာ နှစ်ခုရှိတယ်'' တဲ့။ |
Subscribe to:
Posts (Atom)