အသိရှိသောပညာမဲ့၊ အသိမဲ့သောပညာရှင်
မောင်စံပေါရဲ့ ထုံးစံအတိုင်းပဲ ငြိမ်ငြိမ်မနေနိုင်မနေတတ်တော့။
ဟိုဖတ်၊ ဒီဖတ်၊ ဟိုတွေး၊ ဒီတွေး၊ ဟိုရေး၊ ဒီရေးပေါ့။ ဟိုရောက်ဒီရောက်၊ မရောက်တဲ့အချိန်တွေမှာ။
အခုလည်း(ဆရာ)နတ်မှူးရဲ့ ၀တ္ထုတိုစုဖတ်နေရာကနေ
`ကောင်းကင်မရှိတဲ့ကြယ်´ဆိုတဲ့ ၀တ္ထုတို ကခေါင်းထဲရောက်လာတယ်။ ဒေါက်တာဝီရက်စ်က သေကောင်းပေါင်းလဲဖြစ်နေတဲ့လူငယ်ကလေးတစ်
ယောက်ရဲ့အသက်ကို ကုသကယ်တင်ခဲ့တယ်။ အဲဒီလူငယ်ကလေးဟာ ဂျာမနီအာဏာရှင်ဟစ်တလာဖြစ်ခဲ့ ပြီး
သူ့ပယောဂနဲ့ ဒေါက်တာပီရက်စ်အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့တယ်။
လူတစ်ယောက်သေဆုံးသွားတာ ၀မ်းနည်းစရာဆိုတာသေချာပေမယ့်လူတစ်ယောက်အသက်ရှင်
လာတာ ၀မ်းသာစရာသေချာရဲ့လား´ဆိုတဲ့ မေးခွန်းကလေးက စာအုပ်ကျောဖုံးမှာ။
အဲဒီကနေဆင့်ပွားပြီးများလာတဲ့အတွေးထဲမှာ
တစ်ခုပေါ်လာတာကကူညီတဲ့ကိစ္စ။ ကြုံလို့ချည့်နဲ့၊ အားမဲ့နေတဲ့အပင်ကလေးကို ရေလောင်းပေါင်းသင်၊
မြေသြဇာကျွေး ပျိုးထောင်လိုက်တာ ကြီးလာမှဘာမှ သုံးမရတဲ့ ဒုက္ခပင်ဖြစ်နေတာမျိုးရှိချင်ရှိတယ်။
မောင်စံပေါတို့ လူမျိုးက လူတစ်ဖတ်သားကို
လွတ်ကူညီချင်တတ်ကြတာ၊ ကျိကျိတက်ချမ်းသာသူ မဟုတ်ကြပေမယ် ကိုယ်စားမဲ့အထဲက ဟင်းခွဲပေးတာမျိုး၊
ဆန်ကလေး၊ ဆီကလေးမျှဝေပေးတာမျိုးဟာ အများကြားမှာ မဆန်းတော့တဲ့ ကိစ္စတွေပါ။
ကူညီလို့ အဆင်ပြေသွားတိုင်း၊ မြေတောင်မြောက်ပေးလို့ရှင်သန်သွားတယ်၊
ကိုယ့်ပတ်ဝန်းကျင်၊ လူမျိုး(အတွက်)၊ အကျိုးရှိပါသလား။ အကျိုးမရှိတောင်မှ အကျိုးမမဲ့ရင်လေးလေးပြောရမှာ။
အကျိုးမဲ့ကာ ဖြစ်လာရင်ရော။
ကူညီတယ်ဆိုတာ ကောင်းပါတယ်။ ကြွရောက်နေတဲ့
လိုအပ်နေသလို တတ်နိုင်သမျှစောင့်ရှောက် ကူညီတတ်ကြတာ။ မောင်စံပေါတို့ဆွေမျိုးညီမောင်တွေရဲ့
ချစ်စရာဓလေ့ပါ။ မောင်စံပေါကြီးပြင်းခဲ့ရတဲ့ ပတ် ၀န်းကျင်ကလည်းစေတနာ၊ သဒ္ဓါတရားတွေထဲ
လွမ်းရာဖြစ်ခဲ့လေတော့ကြီးခဲ့ရတာတွေက မနည်းမနောရယ်
ဘကြီးဦးသာဗျောနဲ့ကြီးတော် ဒေါ်လှတို့ ဇနီးမောင်နှံရှိကြတယ်။
သားထောက်သမီးခံကလည်း မရှိ ကြတော့ ပိုပိုလျှံလျှံ ချောင်ချောင်လည်လည်ရှိကြပါတယ်။
သူတို့အိမ်နံဘေးမှာ ငမူးငပိန်တို့မိသားစု
တဲကလေးနဲ့နေကြပါတယ်။ (အမှန်က မောင်စံပေါအရွယ် နဲ့ ဦးပိန်ခေါ်ရမှာပ။ လူကြီးတွေ သံယောင်လိုက်ပြီး
ငပိန်ကို နာမ၀ိသေသနတပ်ပြီး သုံးလိုက်တာပါ) ငပိန်က လည်း နာမည်ကသာငပိန်၊ ဘ၀င်က ၀တိံမှာ။
မူးပုံကတော့ ပြောမနေနဲ့။ သူ့မိန်းမက မစိန်၊ ဒါပေမဲ့ စိန်ဆိုတာ ဝေးစွ ပုလင်းကွဲကောင်းကောင်းလှလှတောင်မရှိတဲ့ဘ၀။
ငပိန်က မူးတယ်၊ ရူးတယ်။ သူကုန်ထမ်းလို့ရတာ
သူသောက်တာနဲ့တောင် မလောက်ချင်ဘူး။ ဒါ တောင်မှ သူကပြောသေးတာ`မိသားစုကို ငဲ့နေရလို့ပေါ့ကွာ။
တစ်ကိုယ်ရေတစ်ကာယသာဆို ဂျော်နီလမ်း လျှောက်အောက် ဘယ်ရောက်လိမ့်မလဲ´တဲ့။ အတန်းပညာနည်းခဲ့တဲ့အပေါ်မှာ
အငုံ့စိတ်ကလေးကလည်းရှိ လေတော့ အရည်ကလေးဝင်သွားပြီးနည်းနည်းမြှောက်ပေးရင် ကဘောင်တိကဘောက်ချာ
အေဘီစီဒီတွေ ထွတ်လာပါရော။
တစ်ခါသားမှာပေါ့ ဘုရားလူကြီးဦးဘဖေသူတို့ဝိုင်းနားက
အဖြတ်မှာ တခြားဝိုင်းတော်သားများက ငပိန်ရဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုကိုမှတ်ကျောက်တင်ဖို့မေးလိုက်တယ်။
`ကျွဲ´ကို ဘိုလိုဘယ်လိုခေါ်သလဲ ပေါ့။ ဒါလေးများဆိုတဲ့ပုံနဲ့ ငပိန်ရင်ကော့ပြီး ဖြေလိုက်တာ
`ဘတ်ဖဲလိုး´မဟုတ်ဘဲ`ဘဖေ --´`ကျွဲ´ဖြစ်သွား ပါရော။ အဲဒီမှာတင် မလုံတဲ့အိုးတုတ်မိုးရုံနဲ့
ကွဲသွားတဲ့ဘုရားလူကြီးက နရင်းဝင်အုပ်ထည့်လိုက်တာ နံဘေး က အဆွဲကောင်းလို့သာဆိုပဲ။ ဘကြီးသာဗျောတို့များသတိရတိုင်းပြောပြောပြီး
ရယ်လို မဆုံးဘူး။
မစိန်မှာတော့ ငပိန့်လုပ်စာမျှော်ကိုးနေလို့ကငတ်သေတာကြာပေါ့ဆိုပြီး
ရပ်ကွက်ထဲမှာ အိမ်တကာ လှည့်ပြီး အ၀တ်လျှော်အစ၊ အိုးတိုက်၊ ပန်းကန်ဆေးအဆုံးလုပ်ရရှာတယ်။
ဒါတောင်မှ သူတို့မိသားစုမှာ သိပ်နပ်မှန်ချင်တာမဟုတ်ဘူး။ `မအေလင်ဆိုးမယား၊ တဖားဖား´
ဖြစ်သလိုကလေးတွေမှာလည်း `ဖဆိုး သမီးတညည်းညည်း´ဖြစ်နေရတာပါပဲ။
သူတို့မိသားစုကို ဘကြီးသာဗျော်က ဟိုဟာပေး၊
ဒီဟာပေးနဲ့တတ်နိုင်သမျှကူညီစောင့်ရှောက်တာ ကို ကြီးတော်ကတယ်မကြည်လှဘူး။ အဲဒီတော့ဘကြီးသာဗျောက
ပြောပါတယ်။
`မယ်လှရယ် ဖအေအသုံးမကျလို့ ကျန်တဲ့မိသားစုကို
ဘာအကူအညီမှမပေးဘူးဆိုပြီး ပစ်ထားရင် ခများများ ဒီထက်ပိုဒုက္ခရောက်ပေမပေါ့ကွယ်။ တတ်နိုင်သမျှ
နွေးနွေးထွေးထွေးစောင့်ရှောက်မှုမရှိဘဲ `ကြဉ်´ထားရင်ကလေးတွေစိတ်အချဉ်ပေါက်ပြီး လမ်းလွှဲရောက်မှ
ပိုဆိုးမှာကွယ့်။ အဆိပ်ပင်ရေလောင်းမ ဟုတ်ပါဘူးကွာ´တဲ့။
`ကိုစံပေါရေ ကျုပ်ကတော့ တကယ့်ကို အဆိပ်ပင်ရေလောင်းခဲ့တာဗျို့။ ခြေနှစ်ချောင်းနဲ့ နားရွက် တိုကိုမကယ်ကောင်းဘူးဆိုဗျာ´
မကြာခင်တင်ကပဲ သူငယ်ချင်းတစ်ယောက်ကလာပြီး
ရင်ဖွင့်သွားပါတယ်။ သူက စိတ်ကောင်း တော်တော်ရှိတဲ့သူပါ။ ဘာသာရေးအလှူတွေအထိုက်အလျောက်ပြုပါတယ်။
လူမသိ၊ သူမသိလှူတယ်ပြော ပြော၊ လူသိတယ်ဆိုဆို သူပိုပြီးအာရုံညွတ်စွာနဲ့ ကြည်ကြည်နူးနူးလုပ်လေ့ရှိတာက
ဘ၀တိုးတက်ရေး၊ ပညာ ရေးနဲ့ပတ်သက်ပြီးတကယ့်ကို အခက်အခဲကြုံတွေ့နေရတဲ့ လူငယ်လေးတွေကို
ကူညီပံ့ပိုးပေးတာပါ။
ရိုးသားမှု၊ ကြိုးစားမှုနဲ့ ဂုဏ်သိက္ခာကို ဦးထိပ်ပန်ဆင်ပြီး
အပြင်ဝင်ငွေကောင်းတဲ့ဌာနတစ်ခုရဲ့ အရာရှိဘ၀ကိုဆင်းဆင်းရဲရဲနဲ့ဖြတ်ကျော်ခဲ့ပြီး နာမည်ကောင်းတစ်ခုကို
ထူထောင်ခဲ့တဲ့အဖေနဲ့စေတနာ ကောင်းလှစွာနဲ့ တပည့်တပန်းတွေရှိတာရောင်းချပေးကမ်းပြီး ယောက်ျားကို
ပါရမီဖြည့်ခဲ့တဲ့အမေကမွေးခဲ့ တာ။
ဂုဏ်ထူးဆိုတာရှားပါးနေသေးတဲ့ ခုနှစ်ဆယ်(၇၀)စုနှစ်ထဲမှာ
ကျူရှင်မယူဘဲ နယ်မြို့ကနေငါးဘာ သာဂုဏ်ထူးနဲ့အောင်မြင်ခဲ့၊ လူရည်ချွန်ဆုများစွာရယူခဲ့ပေမယ့်
သူ့ပညာရေးနဲ့ပတ်သက်ရင် အားမရသေးဘူး အဲဒီသူငယ်ချင်းက ဖြစ်ကြောင်းကုန်စင်ကို နတ်သံနှောပြီး
ရင်ဖွင့်ခဲ့ပါတယ်။
`အဲဒီကောင်ကလေးပေါ့ဗျာ။ မျိုးချစ်စိတ်ရှိတဲ့ကောင်လေး။
ဆရာဇော်ဂျီရဲ့`သင်သေသွားသော်´ ကဗျာကို ခဏ ခဏရွတ်တဲ့ကောင်ကလေး။ ကံကြမ္မာအလှည့်အပြောင်းမှာ
မြန်မာတွေဇာတာစောင်းခဲ့ရ တာကို ပြန်တည့်ချင်တဲ့ ကောင်းကလေး။ အဲဒီလိုကောင်ကလေးဗျာ။
တိုတိုပြောရစို့ရဲ။ ဒီကောင်လေး ကျောင်းပြီးတယ်။
ဘွဲ့ရတယ်။ အစိုးရဌာနတစ်ခုမှာအရာရှိငယ်ဖြစ် တယ်။ အလုပ်ထွက်တယ်။ ဘွဲ့လွန်မဟာဘွဲ့တတ်တယ်။
မဟာဘွဲ့ကျမ်းပြုစုမှာ ငွေကြေးပြဿနာတက်ပါ ရော။ သူ့ကိုငွေကြေးထောက်ပံ့နေတဲ့ဆီက ဖြတ်လိုက်တော့
မဟာအခက်ကြုံရတာပေါ့ဗျာ။
အဲဒီမှာ မမျှော်လင့်ဘဲ ကျုပ်နဲ့တွေ့တယ်။
ကျုပ်နဲ့ကလည်း သိဟောင်းကျွမ်းဟောင်းတွေဖြစ်၊ ညီအစ်ကိုလိုဖြစ်နေတာကာ သူအလုပ်ရှာခိုင်းတာကို
ကျုပ်ငြင်းလိုက်တယ်။ အလုပ်လုပ်၊ ပိုက်စံစုပြီးမှ ကျမ်း ပြန်ပြုရင်အချိန်တွေအလဟဿကုန်သွားမှာ၊
ခါးပြတ်သွားမယ်။ ဒါနဲ့လို့တဲ့ ပိုက်ဆံထုတ်ပေးခဲ့တယ်။ ကျေးဇူးလည်းမထားနဲ့၊ အကြွေးလည်းမမှတ်နဲ့။
မင်းအဆင်ပြေချိန်မှာ ငါ့တို့လူမျိုးတိုးတက်ဖို့ မမေ့ရင်၊ လိုအပ်နေတဲ့သူတွေကို(
အထူးသဖြင့် ပညာနဲ့ပတ်သက်ပြီး) ကူညီရင်ကျေနပ်ပြီဆို ပြီးပြောခဲ့တယ်။
မဟာဘွဲ့ရသွားတယ် အလုပ်ကောင်းကောင်းရတယ်။
ပါရဂူဘွဲ့ဆက်တတ်တယ်။ ရတယ်။ ပိုကောင်းတဲ့အလုပ်ရတယ်။ တည်ငြိမ်အောင်မြင်တဲ့ဘ၀တစ်ခုထဲ ရောက်သွားပြီးဆိုရစို့ရဲ့။
အနောက်နိုင်ငံကြီးတစ်ခုမှာအလုပ်လုပ်နေထိုင်ရင်းကနေ
အဲဒီနိုင်ငံသားခံယူလိုက်တယ်။ မြန်မာ ပြည်ကို အလည်ပြန်လာရင်တောင်မှ မြန်မာသံရုံးမှာ
ဗီဇာယူပြီး ပြန်လာရတာ။
ရေမြေလိုက်ပြီး ပြောင်းလဲတတ်တယ်ဆိုရင်တောင်။
ဒီကောင်ပြောင်းလဲသွားတာတွေကမယုံစ ရာပဲ။ လုံချည်နဲ့လည်ကတုံးအင်္ကျီကို မြတ်မြတ်နိုးနိုးဝတ်တတ်တဲ့ကောင်းလေး၊
အခုတော့ ဘာမှန်းမသိတဲ့ ဘောင်းဘီပွပွမရှည်မတိုနဲ့ တီရှပ်ကိုဝတ်လို့ ကျုပ်တို့ငယ်ငယ်တုန်းက
ပြောပြောနေတဲ့ သူတောင်းစားဦး ထုပ်ကိုဆောင်းလို့။
ကျုပ်တို့ဗျာ ပန်ကာတောင်မမြင်ဖူးတဲ့အရပ်မှာလူဖြစ်လာတာပါ။
အခုတော့ သူကပူတော်မူသတဲ့။ ဖုန်ထူသတဲ့။ အစားအသောက်တွေက ကျန်းမာရေးနဲပမညီညွတ်ဖူးတဲ့။
ဌာနက ဘာဖြစ်နေတာလဲတဲ့။ သူနဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ နောင်တော်တွေကိုလည်းအပြစ်တွေတင်နဲ့။
နောင်ပြီးပြောသေးတယ်။ မြန်မာတွေ စည်းကမ်းမရှိဘူးတဲ့။
ကျင့်ဝတ်နားမလည်ဘူးတဲ့။ သူကတော့ ရော နိုင်ငံခြားမှာ နေထိုင်လုပ်ကိုင်တဲ့ မြန်မာလူမျိုးတွေမှန်သမျှသက်ဆိုင်ရာနိုင်ငံမှာရှိတဲ့
မြန်မာသံရုံးမှာ ကိုယ်ရတဲ့ဝင်ငွေ(လစာ)ရဲ့ တစ်ဆယ်ရာခိုင်နှုန်းကို ၀င်ငွေခွန်ဆောင်ရပါတယ်။
ဒီကောင်လေး နိုင်ငံခြားသား အဖြစ် အပြီးတိုင်ပြောင်းလဲခံယူချိန်မှာ သံရုံးကို အခွန်ဆောင်စရာအကြွေးကျန်တွေ
နှစ်နဲ့ချီပြီးကျန်နေခဲ့ တယ်။ နိုင်ငံကြီးသားပီသမယ်ဆိုရင်နိုင်ငံတော်ကို ပေးဆောင်ရမယ့်ဝင်ငွေခွန်အကျေအလည်
ပေးဆောင်ခဲ့ သင့်တာပေါ့။
မြန်မာပြည်အလည်ပြန်လာတော့ရော။ ကိုယ်မြန်မာမဟုတ်တော့ပါဘူး။
နိုင်ငံခြားသားဖြစ်သွားပါပြီ လို့ကြေညာပါလား။ ငွေကြေးသုံးစွဲတဲ့အခါ နိုင်ငံသားနဲ့နိုင်ငံခြားသားခွဲခြားပြီး
ဈေးနှုန်းသတ်မှတ်တောင်းခံတဲ့ တည်းခိုရာ၊ ခရီးသွားရာ၊ ဂေါက်သီးကစားတဲ့အချိန်တွေမှာ မြန်မာမှတ်ပုံတင်ကိုသုံးပြီး
နိုင်ငံသားတွေအ တွက်သတ်မှတ်ထားတဲနှုန်းထားသက်က်သာသာနဲ့ပေးတယ်။ ဘယ်မှာလဲစည်းမျဉ်းစည်းကမ်းလိုက်နာမှု။
`နေထိုင်စားသောက်ဖို့အတွက် သင့်မှာအလုံအလောက်ရှိခဲ့ပြီးရင်လည်း
ပိုလျှံတာနည်းနည်း လောက် ခွဲဝေမျှခြမ်းပေးကမ်းသင့်ပါ´တဲ့။ `သင်သေသွားသော်´ ကဗျာကိုမကြာခဏရွတ်တတ်တဲ့
ကောင်ကလေးဆိုတော့ စေတနာလေးနည်းနည်းတော့ ကျန်ကောင်းရဲ့ဆိုပြီး လူမှုရေးအသင်းတွေ၊ အားကစားအဖွဲ့တွေအတွက်
အလှူခံကြည့်မိပါတယ်။''အစ်ကိုကသူဋ္ဌေးပဲ ကိုယ့်ဖာသာလှူပေါ့။ ကျွန်တော်က ဘာကိစ္စနဲ့လှူရမှာလဲ''
အလှူခံမိအပြစ်ရှိသူက ကျုပ်ဖြစ်ခဲ့ရတာပေါ့။
သူအလည်ပြန်လာတဲ့အချိန် ဇိမ်ခံဟိုတယ်ကြီးတွေမှာတည်းတဲ့အချိန်မှာ
သူ့ကိုလာတွေ့ဖို့ခေါ် တယ်။ သွားမတွေ့ပြန်တော့ အပြစ်တင်မဆုံးပေါ့လေ။ တောင်ကြီးက မိုဟာမက်
ဆီသွားရမှာလား။ မိုဟာမက်က တောင်ကြီးဆီ လာရမှာလား။ ဒီကနေထွက်သွား၊ ဟိုကပေးတဲ့ အခ
--- တစ်ပဲခြောက်ပြားပေး ဘ၀ကို အဟုတ်ထင်ပြီး ဒီဘက်ကို ဟိုအဝေးကြီးကပြန်ဟောင်ကြတာတွေ
ရှိပါတယ်။ ဒီကောင်လေးကတော့ ကျုပ်နီးနီးစပ်စပ် ပတ်သက်ကူညီခဲ့တာကိုး။ အဲဒီတော့ ရင်နာတယ်ဆိုတာထက်ကို
ပိုပြီးပြောချင်တယ်။ သူ့ကိုမကျွေးမွေး၊ မပြုစု၊ မဧည့်ခံတဲ့အတွက်တောင်
စိတ်နာတယ်တဲ့ဗျာ။ နောက်ကြုံမှထပ်ပြောပြပါဦးမယ်။ ခုတော့ခရီးဆက်စရာရှိ သေးလို့´ဆိုပြီး
မိတ်ဆွေကြီးထွက်သွားပါတယ်။
ဒီကနေဆက်ပြီး ငပိန်အကြောင်းပြောရဦးမယ်။
ကြာခဲ့ပါပြီ။ မိုးတွင်းမြစ်ရေကြီးရေစီးတွေအရမ်းသန် တဲ့တစ်နေ့မှာ ငပိန်ကုန်ထမ်းတဲ့ ဆိပ်ခံတံတားမှာ
မတော်တဆတစ်ခုဖြစ်ခဲ့တယ်။ ကျောင်းက ဆရားလေး သင်္ဘောစီးဖို့ ဆိပ်ခံတံတားပေါ်အတက်ကုန်းဘောင်ပျဉ်ပြားပေါ်ကနေချော်ကျပြီး
ရေနစ်ပါတယ်။ ရေစီးက လည်းသန်တော့ တစ်ခါပေါ်ချိန်မှာ တော်တော်ဝေးနေပြီ။ အဲဒီမှာ ငပိန်ရယ်လေ
ရေထဲကို ၀ုန်းကနဲ ခုန်ဆင်း ပြီး မရအရ လိုက်ဆယ်တာ အနားမှာရှိတဲ့ ငှက်သမ္ဗန်တွေကလည်း လိုက်နဲ့ပေါ့။
ဆရာလေးကိုဆယ်မိပြီး သမ္ဗန်ပေါ်ကို တွန်းတင်တယ်။ `ရပြီလား´`မေးပြီး´`ရပြီ´ စကားအဆုံးမှာ
ငပိန်ရေနစ်တော့တာပဲ ဆရာ လေးဟာအသက်ရှင်ခဲ့ပေမယ့် ငပိန်ကိုတော့ အလောင်းပဲရတော့တယ်။
`ငပိန်အသုဘများ လူစည်လိုက်တာ။ ဘကြီးသာဗျော
အဆိုအရ သူတို့မြို့မှာ ဒီလောက်ကြီးကျယ် တဲ့ အသုဘမရှိဖူးဘူးလို့ဆိုပဲ။ ဘုရားလူကြီး ဦးဘဖေအသုဘတောင်မှ
ငပိန်နဲ့ယှဉ်ရင် မိုးကြိုးနဲ့အီးသံတဲ့။ မစိန်တို့မိသားစုလည်း ငပိန်သေမှ ပြောင်ပြောင်ရောင်ရောင်ဖြစ်တော့တာ။
တစ်မြို့လုံးကသနားပြီး ၀ိုင်းကူညီထောက်ပံ့ကြတာကိုး။
ငပိန်ကတော့ သေခဲ့ပါပြီ။ ဟိုကောင်လေးကတော့
မသေသေးပါ။ ဟိုကောင်လေးရဲ့ ကိုယ်ပွားပုံတူ တွေလည်း မသေကြသေးပါ။
`ပညာရှိ သူတော်ကောင်းတို့၏ အသက်ရှည်ခြင်းသည်
လောကီ၊ လောကုတ္တရာနှစ်ဖြာသော စီးပွား အကျိုးများ တိုးပွားခြင်းငှာ ဖြစ်စေ၏´ တဲ့။ ။
No comments:
Post a Comment